တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး ဖွင့်လှစ်ရန် လတ်တလောအစီအစဉ်မရှိသေး

(လွှတ်တော်) စက်တင်ဘာ ၃၀

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး တည်ဆောက်ဖွင့်လှစ်ရန် လတ်တလောအစီအစဉ် မရှိသေးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဒေါ်မီမီကျော်ထွန်းက ၂၀၂၆ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ စနစ်တကျစုဆောင်းရရှိရေး၊ ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အခွန်ပေးဆောင်နိုင်ရေးနှင့် ခရိုင်အဆင့်ဒေသအဖြစ် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်လာစေရေးတို့အတွက် တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၏ ဖြေကြားချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏ လက်ရှိဖွဲ့စည်းပုံအရ (က) အဆင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၂ ရုံး၊ (ခ) အဆင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၃ ရုံးနှင့် (ဂ) အဆင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၄ ရုံး၊ စုစုပေါင်း ၉ ရုံး ဖွင့်လှစ်ထားပြီး အခွန်ကောက်ခံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

တနိုင်းမြို့နယ်တွင် ဓာတ်သတ္တုရွှေလုပ်ငန်းရှင် ၁၉ ဦး၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင် ၁၄ ဦးနှင့် စားသောက်ဆိုင်လုပ်ငန်းရှင် ၂၃ ဦးတို့အပါအဝင် အခွန်ထမ်းစာရင်းဝင် အခွန်ထမ်း စုစုပေါင်း ၄၃၆ ဦးရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

တနိုင်းမြို့နယ်မှ အခွန်အရပ်ရပ် စုစုပေါင်းကောက်ခံရရှိမှုမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၅၃ ဒသမ ၈၂၂ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၃၉၅ ဒသမ ၅၇၈ သန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၃၄၃ ဒသမ ၅၉၆ သန်း ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက်မူ ဩဂုတ်လကုန်အထိ အခွန်အရပ်ရပ် စုစုပေါင်း ၁၅၆ ဒသမ ၈၅၉ သန်း ကောက်ခံရရှိထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းဖြေကြားခဲ့သည်။

တနိုင်းမြို့နယ်သည် ကချင်ပြည်နယ်ရှိ (ဂ) အဆင့် မြို့နယ်တစ်ခုဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ လက်ရှိဖွဲ့စည်းပုံအရ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဖွင့်လှစ်ရန် မပါဝင်သေးကြောင်း သိရသည်။

လက်ရှိတွင် တနိုင်းမြို့နယ်အတွင်း အခွန်ကောက်ခံမှုလုပ်ငန်းများကို မြစ်ကြီးနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက တာဝန်ယူဆောင်ရွက်နေပြီး တနိုင်းမြို့သို့ ၃ လတစ်ကြိမ် သွားရောက်၍ အခွန်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ တနိုင်းမြို့နယ်၏ လတ်တလောစီးပွားရေးဖွံ့ဖြိုးမှုအခြေအနေနှင့် အခွန်ထမ်းဆောင်ထိုက်သည့် အခွန်ထမ်းဦးရေအခြေအနေအရ အခွန်ငွေများကောက်ခံရရှိရေးလုပ်ငန်းများကို မြစ်ကြီးနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးနှင့် တွဲဖက်၍ ကြီးကြပ်ဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိနေသဖြင့် လက်ရှိအချိန်တွင် တနိုင်းမြို့နယ်၌ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN