ကလောတွင် ၆ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

(မှုခင်း) စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟဲဟိုး-အောင်ပန်းလမ်းပေါ်တွင် ၆ ဘီးယာဉ်တစ်စီးက ဆိုင်ကယ်အား နောက်မှဝင်တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခန့်က အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ ချစ်ကိုကိုအောင် မောင်းနှင်သည့် NISSAN CONDOR အမျိုးအစား ဖြူ/နီရောင် ၆ ဘီးယာဉ်သည် ဟဲဟိုး-အောင်ပန်းလမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၈၂/၅) နှင့် (၈၂/၆) ကြား၊ သာမိုင်းခမ်းကျေးရွာသွားလမ်းခွဲအနီးတွင် ရှေ့မှလားရာတူ မောင်းနှင်နေသည့် LOUJIA 100 အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်ကို နောက်မှဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတွင် နှုတ်ခမ်းပွန်းပဲ့ဒဏ်ရာ( မစိုးရိမ်ရ)နှင့် ဆိုင်ကယ်နောက်လိုက်ပါလာသူတွင် ယာဘက်မျက်လုံးဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းသွေးထွက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးအား အောင်ပန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သည်ဟုဆိုသော ၆ ဘီးယာဉ်မောင်း ချစ်ကိုကိုအောင်အား အောင်ပန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN