
(မှုခင်း) စက်တင်ဘာ ၂၉
NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ ငွေကြေးကောက်ခံရာ PRF Website သို့ ငွေကြေးထောက်ပံ့ပေးပို့လျက်ရှိသည့် တရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
NUG အကြမ်းဖက်အဖွဲ့သည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် People’s Revolution Supply Family-PRF Website ကို တည်ထောင်၍ WavePay၊ တရားမဝင် NUG Pay၊ တရားမဝင် SDB Bank၊ Crypto နှင့် နိုင်ငံခြားငွေ Payment စနစ်များမှတစ်ဆင့် ငွေကြေးကောက်ခံလျက်ရှိကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ PRF Website သို့ WavePay ဖြင့် ငွေထောက်ပံ့သူ ၇၀၀ ဦးခန့်၊ NUG Pay ဖြင့် ထောက်ပံ့သူ ၁,၀၀၀ ဦးခန့်နှင့် SDB ဘဏ်ဖြင့် ထောက်ပံ့သူ ၁,၀၀၀ ဦးခန့်၊ စုစုပေါင်း ၂,၇၀၀ ကျော်၏ အချက်အလက်များကို တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက်များအရ ဖော်ထုတ်ရရှိခဲ့ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ PRF Website သို့ ငွေကြေးထောက်ပံ့ပေးပို့ခဲ့သူများဖြစ်သည့် မိုးညှင်းမြို့နေ ထက်သူအောင်၊ လားရှိုးမြို့နေ မေရီဆန်စင်၊ ရွှေညောင်မြို့နေ မျိုးမြမြတ်ထွန်းကြည်၊ ပုသိမ်ကြီးမြို့နယ်နေ လှိုင်ဖုန်း၊ ပြင်ဦးလွင်မြို့နေ စန်းယုအောင်၊ ပျဉ်းမနားမြို့နယ်နေ သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ သီဟ၊ လှည်းကူးမြို့နေ ဇော်ကိုလတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ရန်နိုင်အောင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မျိုးဇော်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်ဟိန်း၊ မင်္ဂလာဒုံမြို့နယ်နေ ငြိမ်းဝင်းအောင်နှင့် ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မြသီတာ၊ ကြည့်မြင်တိုင်မြို့နယ်နေ သက်နိုင်ထူး၊ ဆိပ်ကြီးခနောင်တိုတိုက်နယ်နေ ညွန့်ရီ၊ ပုသိမ်မြို့နေ ကြူကြူဝင်း၊ ဒေးဒရဲမြို့နေ သိန်းဇင်ထိုက်နှင့် ကြည်ကြည်စန်း၊ မအူပင်မြို့နေ အောင်ဇော်ထွေး၊ ကျောင်းကုန်းမြို့နေ အေးအေးသင်း စုစုပေါင်း တရားခံ ၂၁ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်ကျန်ရှိသူများကိုလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီး သွားမည်ဖြစ်ကြောင်း၊ ဖော်ထုတ်ရရှိသည့် WavePay အကောင့်များကိုလည်း ပိတ်သိမ်း၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။