
(ပြည်တွင်း) စက်တင်ဘာ ၂၄
အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ဟာ ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
ဒီကနေ့မှာ စတင်တွေ့ဆုံတဲ့ အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲကို NSPNC ဘက်က ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ MNDAA ဘက်က အထွေထွေအတွင်းရေးမှူး ဖုန်းဝင်းနိုင်တို့ ဦးဆောင်တက်ရောက်နေကြတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ တပ်မတော်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် MNDAA ဟာ ၂ နှစ်အကြာမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
MNDAA အနေနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တရုတ်နိုင်ငံ ကူမင်းနဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွေမှာ တွေ့ဆုံးခဲ့ပြီးနောက် နေပြည်တော်ကို ပထမဆုံးလာရောက်ပြီး တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
MNDAA ဟာ NSPNC အဖွဲ့နဲ့ လားရှိုးမြို့မှာ နှစ်ဖက်ခေါင်းဆောင်တွေ မကြာခဏ တွေ့ဆုံမှု ရှိနေပြီး နောက်ဆုံးတွေ့ဆုံမှုအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံထားပါတယ်။
အခုလက်ရှိ နေပြည်တော်တွေ့ဆုံမှုဟာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ- FPNCC အဖွဲ့ဝင်တွေထဲက ၅ ဖွဲ့မြောက် အစိုးရဘက်ကဖိတ်ခေါ်တဲ့ အရေးပါတဲ့ နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုလည်း ဖြစ်နေပါတယ်။
FPNCC မှာ UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ KIA နဲ့ AA တို့စတဲ့ အဖွဲ့ဝင် ၇ ဖွဲ့ရှိပြီး ယခုနှစ် ဇွန်လအတွင်းကစလို့ “ဝ” တပ်ဖွဲ့- UWSA၊ မိုင်းလားတပ်- NDAA၊ ရှမ်းတပ်- SSPP၊ တအာင်းတပ်- TNLA တို့ကို တွေ့ဆုံထားပြီး ဒီကနေ့မှာတော့ ကိုးကန့်တပ် MNDAA အဖွဲ့နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။
ဒါ့ကြောင့် FPNCC ၇ ဖွဲ့ထဲမှာ NSPNC အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ KIA နဲ့ AA အဖွဲ့ ၂ ဖွဲ့သာ ကျနေတာလည်း ဖြစ်တဲ့အပြင် လက်ရှိ MNDAA အပါအဝင် ပြီးခဲ့တဲ့ ဇွန်လအတွင်းကTNLA နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးဖြစ်ကြောင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ထဲမှာ AA တစ်ဖွဲ့တည်းသာ ဆွေးနွေးဖို့ ကျန်ရှိနေတော့တာလည်း ဖြစ်ပါတယ်။
အခုတွေ့ဆုံနေတဲ့ နေပြည်တော် တွေ့ဆုံမှုမှာတော့ ဘယ်လိုနိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထား ဆွေးနွေးမလဲဆိုတာကို နှစ်ဖက်စလုံးက ထုတ်ပြန်ထားတာ မရှိသေးသလို ဒီနေ့ဆွေးနွေးပွဲမှာ ဘယ်လိုသဘောတူညီမှုရရှိမလဲ ဆိုတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်မလား ဆိုတာကိုလည်း စောင့်ကြရဦးမှာ ဖြစ်ပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ တပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား နှစ်ဖက် ဆွေးနွေးပွဲ ၃ကြိမ် ပြုလုပ်ပြီးနောက် ရရှိခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ယာယီအပစ်ရပ်စာချုပ်ဖြစ်တဲ့ ဟိုင်ဂန် သဘောတူညီချက်နဲ့ အခုလိုတွေ့ဆုံနေကြတာလည်း ဖြစ်ပါတယ်။
ကူမင်းဆွေးနွေးပွဲကို ၅ ကြိမ်ထိ ပြုလုပ်ထားပြီး ပထမအကြိမ်ဆွေးနွေးမှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်တာ၊ ဒုတိယအကြိမ်ဆွေးနွေးမှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်တာ၊ တတိယအကြိမ်ဆွေးနွေးမှုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၂ ရက်တာ၊ စတုတ္ထအကြိမ်ဆွေးနွေးမှုကို ယာယီအပစ်ရပ်ပြီးနောက် ဟိုင်ဂန် သဘောတူညီချက်နဲ့ ပထမအကြိမ်တွေ့ဆုံမှုအဖြစ် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့ကနေ ၃ နေ့အထိ ၃ ရက်တာ၊ ပဉ္စမအကြိမ်ဆွေးနွေးမှုကို ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၃ ရက်တာ တွေ့ဆုံမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၉ နာရီခန့်က စတင်ပြီး နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲပြီး နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြား ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှု မရှိစေရေးနဲ့ တကယ်လို့ အငြင်းပွားဖွယ်ရာတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့သာ ဖြေရှင်းရေးတို့ကို ဟိုင်ဂန်သဘောတူ စာချုပ်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသအတွင်းမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့က မြန်မာတပ်မတော်ရဲ့ စခန်းတွေ၊ ဗျူဟာကုန်း တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်မပြုလုပ်ဖို့နဲ့ မြန်မာ့တပ်မတော်ဘက်ကလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ သိမ်းပိုက်ထားတဲ့ နေရာများတွေအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ကိုလည်း နောက်ဆက်တွဲ သဘောတူညီမှုအနေနဲ့ စာချုပ်မှာ ထည့်သွင်းထားပါတယ်။
အလားတူ နှစ်ဘက်အဖွဲ့အစည်းက တရုတ်-မြန်မာနယ်စပ်ဒေသအတွင်း တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေဖို့နဲ့ မဖျက်ဆီးကြဖို့ကိုလည်း သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
NSPNC ဘက်ကတော့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့ အစိုးရဖွဲ့ခဲ့တဲ့ ယခုနှစ် ဧပြီလကစပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ထားတာလည်း ဖြစ်ပါတယ်။
မိမိတာဝန်ယူတဲ့ ၅ နှစ် အတွင်းမှာ ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့ လုပ်ထားတာ အောင်မြင်မယ်လို့ ယုံကြည်တယ်လို့လည်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
မြန်မာအစိုးရဟာ ပါတီစုံရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းနေပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း လက်နက်ကိုင်တွေ သိမ်းထားတဲ့ မြို့တွေကိုလည်း ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ သုံးသပ်ရပါတယ်။
လက်ရှိမှာ ကိုးကန့်တပ်ဟာ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားသလို ရှမ်းမြောက် သိန္နီ၊ ကွတ်ခိုင်၊ တားမိုးညဲ၊ ပန်ဆိုင်း (ကြူကုတ်)၊ ကွမ်းလုံ၊ ကုန်ကြမ်းနဲ့ လောက်ကိုင်မြို့တွေကို ထိန်းချုပ်ထားပြီး ဒီဆွေးနွေးပွဲက သဘောတူညီမှုတွေ ရသွားခဲ့ရင် ဒီမြို့နယ်တွေထဲက ဘယ်မြို့နယ်ကို အစိုးရလက်ထဲ အပ်ရဖို့ရှိနေမလဲဆိုတာကိုလည်း စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူတွေက စိတ်ဝင်စားနေကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ကတော့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်တို့အကြား လားရှိုးမြို့မှာ တွေ့ဆုံခဲ့မှုအပြီး ဖမ်းဆီးထားတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို MNDAA ဘက်က ထပ်လွှတ်ပေးခဲ့တာလည်း ရှိပါတယ်။