(ပြည်တွင်း) စက်တင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်ကို အသုံးပြု၍ Facebook နှင့် TikTok Account အချို့မှ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းမှုများရှိနေကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုရန် အသိပေးထားသည်။
အဆိုပါ Social Media Account အချို့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများ၏ ဓာတ်ပုံများ၊ ဦးစီးဌာန Logo များ၊ ဦးစီးဌာနဝန်ထမ်းများက ကျေးရွာများတွင် စီမံကိန်းရန်ပုံငွေ ထုတ်ချေးနေသည့် မှတ်တမ်းဓာတ်ပုံများနှင့် သင်တန်းပို့ချနေသည့် မှတ်တမ်းဓာတ်ပုံများကို Photoshop ဖြင့် ပြုပြင်အသုံးပြု၍ ငွေကြေးလိမ်လည်ရန် အားထုတ်ဆောင်ရွက်နေကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။
စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPIC) အဖွဲ့တို့က စီမံကိန်းလက်စွဲစာစောင်ပါ ကျေးရွာရွေးချယ်ရေး သတ်မှတ်စံနှုန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ကြောင်း သိရသည်။
ရွေးချယ်ထားသည့် ကျေးရွာများသို့ ကွင်းဆင်း၍ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပြီးနောက် စီမံကိန်းရန်ပုံငွေကို ကျေးရွာသို့ တိုက်ရိုက်မတည်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းရန်ပုံငွေကို ကျေးရွာလူထုကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြစ်သဖြင့် အသင်းသူ၊ အသင်းသားများအနေဖြင့် ငွေကြေးတစ်စုံတစ်ရာ ပေးရန်မလိုဘဲ စီမံကိန်းရန်ပုံငွေမှ ချေးငွေရယူ၍ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ Facebook နှင့် TikTok ကဲ့သို့သော Social Media များမှတစ်ဆင့် ရန်ပုံငွေထုတ်ချေးခြင်း မရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသိပေးထားသည်။
ထို့ကြောင့် Social Media များမှတစ်ဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်ကို အသုံးပြု၍ ငွေကြေးတောင်းခံခြင်း၊ ချေးငွေရရှိရန်အတွက် ငွေပေးသွင်းရန် ပြောဆိုခြင်းများရှိပါက ငွေကြေးလိမ်လည်ခံရမှု မဖြစ်ပေါ်စေရေးအတွက် အများပြည်သူများအနေဖြင့် အထူးဂရုပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းဆောင်ရွက်လိုသည့် ကျေးရွာများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN