(လွှတ်တော်) စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ အုန်းကုန်းကျေးရွာအနီး ဧရာဝတီမြစ်ရေလမ်းကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် ဖြစ်ပေါ်နေသည့် ကမ်းပြိုကမ်းစားမှုများကို ကာကွယ်နိုင်ရေးအတွက် Master Plan အတိုင်း ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ရရှိလာသည့်ရလဒ်အပေါ် မူတည်ကာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။
ဒုတိယဝန်ကြီးက အုန်းကုန်းကျေးရွာ၏ မျက်နှာချင်းဆိုင် ဟင်္သာတဘက်ခြမ်းမှ ဧရာဝတီမြစ်ရေသည် ၂၀၂၁ ခုနှစ်မတိုင်မီက စီးဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် အုန်းကုန်းကျေးရွာဘက်သို့ ရေစီးကြောင်းပြောင်းလဲလာကြောင်း ပြောသည်။
၂၀၂၆ ခုနှစ်တွင် အုန်းကုန်းရွာ၏ အရှေ့ဘက် ဟင်္သာတဘက်ခြမ်းရှိ လက်ပံလှနေရာတွင် ရေစီးကြောင်းလုံးဝပိတ်သွားပြီး အုန်းကုန်းကျေးရွာဘက်မှသာ ရေစီးဆင်းလာသည့်အတွက် အုန်းကုန်းရွာဘက်တွင် ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
ကမ်းပြိုကမ်းစားမှုများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြိုကျ၊ ပျက်စီးနေသည့်နေရာများတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း မြစ်ရေတိုက်စားမှု ဆက်လက်ဖြစ်ပေါ်သဖြင့် နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဆည်မြောင်းတာအသစ်များကို ကျေးရွာအတွင်းမှ ရွှေ့ပြောင်းတည်ဆောက်ခဲ့ရကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
အုန်းကုန်းကျေးရွာအနီး ကမ်းပြိုကမ်းစားမှုများ ကာကွယ်နိုင်ရေးနှင့် ရေလမ်းကြောင်းဖြောင့်တန်းစွာ စီးဆင်းနိုင်ရေးအတွက် ၁၉၈၈ ခုနှစ်ကတည်းက ရေးဆွဲဆောင်ရွက်ခဲ့သည့် ဧရာဝတီမြစ် မိုးညို-ဟင်္သာတ မျှော်မှန်းရေလမ်း အစီအမံ (Master Plan) ရှိပြီး အုန်းကုန်းရွာဘက်မှမစီးဘဲ လက်ပံလှရွာဘက်မှ စီးဆင်းစေရန် သတ်မှတ်ထားသည့် ရေလမ်းကြောင်းအတိုင်း စီမံဆောင်ရွက်မှသာ အုန်းကုန်းရွာဘက် ကမ်းပြိုကမ်းစားမှုကို သက်သာစေနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အုန်းကုန်းကျေးရွာအနီး ကမ်းပြိုကမ်းစားမှုကာကွယ်ရေးအတွက် ကမ်းထိန်းတမံ အလျား ၁,၆၅၀ ပေ တည်ဆောက်ခြင်း၊ ရေထဲပိုင်းတွင် Geo Tube ချထားခြင်းနှင့် မိုးရာသီအရေးပေါ်လုပ်ငန်းအဖြစ် Steel Cable Gyrone ချထားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း သောင်တူးခြင်း၊ သောင်စွယ်ဖြတ်ခြင်း၊ ကမ်းထိန်းတမံ အလျား ၈၀၀ ပေ တည်ဆောက်ခြင်း၊ Geo Bag ချထားခြင်းနှင့် Steel Cable Gyrone ချထားခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
အုန်းကုန်းရေလမ်းကြောင်းသည် ရေအနက် ၁၇ မီတာ၊ ပေ ၅၀ ကျော်နက်သည့်အတွက် အဆိုပါနေရာတွင် ခိုင်မာသည့်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ခက်ခဲကြောင်းလည်း ၎င်းက ဆိုသည်။
ရေလမ်းကြောင်းပြောင်းလဲမှုအရ Master Plan အတိုင်း ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများဖြစ်သော Geotextile ကပ် ကမ်းထိန်းတမံ အလျား ၁,၀၅၀ ပေ တည်ဆောက်ခြင်း၊ ရေကာ ၃ ခု အလျား ၂,၃၀၀ ပေ တည်ဆောက်ခြင်းနှင့် ရေလယ်ကျွန်းသောင် တူးဖော်ခြင်း ၃,၀၀၀ မီတာလုပ်ငန်းများအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။
ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများမှ ရရှိသည့် ရလဒ်အပေါ် မူတည်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် လျာထားတင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားသည်။
ထို့ကြောင့် ၂၀၂၅-၂၀၂၆ နှင့် လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်များတွင် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် အုန်းကုန်းကျေးရွာအနီး ကမ်းပြိုကမ်းစားမှု ကာကွယ်ရေးအတွက် ယာယီကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရေလမ်းကြောင်းပြောင်းလဲမှုအရ Master Plan အတိုင်း ဆက်လက်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းတိုင်းတာစစ်ဆေးချက်များအပေါ် မူတည်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လျာထားပြီး ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လက်ပံတန်းမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးကျော်သူရက လက်ပံတန်းမြို့နယ်၊ အုန်းကုန်းရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ကာကွယ်ထိန်းသိမ်းရေးအတွက် စီမံချက်များကို လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ဦးကျော်သူရက ဧရာဝတီမြစ်သည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကွမ်းသီးတပင်ကျေးရွာအုပ်စုနှင့် လုလင်ကျော်ကျေးရွာအုပ်စုအတွင်းရှိ စာနီစုကျေးရွာမှစတင်၍ အုန်းကုန်းကျေးရွာအထိ ရေဦးထိုးတိုက်စားလာကြောင်း ပြောသည်။
၂၀၂၄ ခုနှစ် မိုးရာသီကာလတွင် အုန်းကုန်းကျေးရွာထိပ်ရှိ မူလဆည်မြောင်းတာအဟောင်းတစ်ခုလုံးနီးပါး မြစ်ကမ်းပါးပြိုကျပြီး အနောက်ဘက် ပန်းတာဆည်မြောင်းအတွင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအရေးပေါ်ရန်ပုံငွေဖြင့် Steel Cable များအသုံးပြုသည့် ရေကာလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
အုန်းကုန်းကျေးရွာရှိ ဧရာဝတီမြစ်သည် ကမ်းရင်းရေနက်လမ်းကြောင်းဖြစ်နေသဖြင့် ကမ်းပြိုမှုကာကွယ်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Master Plan များ ရေးဆွဲထားသည်ကို သိရှိရကြောင်းလည်း ဦးကျော်သူရက ဆိုသည်။
ထို့အပြင် ဆည်မြောင်းဦးစီးဌာနက အုန်းကုန်းရွာမြောက်ဘက်တွင် အမြင့် ၁၄ ပေ၊ တာဘောင်အကျယ် ၁၄ ပေ၊ အောက်ခြေအကျယ် ၇၀ ပေ၊ ရေတားတာဘောင်အရှည် ၂,၆၀၀ ပေရှိသည့် တာဘောင်ကို ယခုဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးထားကြောင်း သိရသည်။
အဆိုပါတာဘောင်တည်ဆောက်ရာတွင် ဒေသတွင်းလယ်မြေများမှ မြေသားများကို အသုံးပြုဖို့ရသဖြင့် မြေသားကြံ့ခိုင်မှုရရှိရန် အချိန်လိုအပ်လျက်ရှိကြောင်း ဦးကျော်သူရက ပြောသည်။ယခုနှစ် မိုးရာသီမရောက်မီ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျပ်သိန်းပေါင်း ၂၂,၀၀၀ ကျော် အသုံးပြု၍ Geotextile အိတ်များဖြင့် အုန်းကုန်းရွာ ဘုရားအခြေမှစတင်ကာ အလျား ၁,၆၅၀ ပေ ကာကွယ်ပေးထားကြောင်းလည်း ၎င်းက ပြောကြားသည်။
ဧရာဝတီမြစ်ရေသည် ၂၀၂၆ ခုနှစ်အတွင်း ဇူလိုင်လပထမပတ်တွင် တစ်ကြိမ်၊ ဩဂုတ်လတွင် ဒုတိယအကြိမ်နှင့် စက်တင်ဘာလပထမပတ်တွင် တတိယအကြိမ် ရေတက်ခဲ့ပြီး လက်ရှိတွင် မြစ်ရေပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း ဦးကျော်သူရက ပြောသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအပါအဝင် သက်ဆိုင်ရာဌာနများက စာနီစုကျေးရွာအနီး မြစ်ရေတိုးဝင်မှုများကို ဒေသခံကျေးရွာလူထု အင်အားထောင်ကျော်ခန့်ဖြင့် နှစ်လတိုင်တိုင် သဲအိတ်ဖို့ခြင်းနှင့် မြစ်ရေကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဩဂုတ် ၁၅ ရက်တွင် လာရောက်ကြည့်ရှုကာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
လာမည့်သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် ရေပြန်တက်လာနိုင်ခြေနည်းပါးပြီး ယခုနှစ်အတွက် စိတ်ချရသည့်အခြေအနေဖြစ်နေကြောင်း ဦးကျော်သူရက ပြောသည်။
ထို့အပြင် ဧရာဝတီမြစ်ရေလမ်းကြောင်း ပြောင်းလဲရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုမှာ ပွင့်လင်းရာသီတွင် မြစ်အတွင်း တရားမဝင်သဲစုပ်ခြင်း၊ ကျောက်စရစ်စုပ်ယူခြင်းနှင့် တွဲဖက်၍ ရွှေကျင်ခြင်းများကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သတင်းပေးပို့ချက်များ ရရှိထားသည်ဟု ဦးကျော်သူရက ပြောသည်။
ဧရာဝတီမြစ်အတွင်း သဲ၊ ကျောက်စရစ်စုပ်ယူခြင်းနှင့် တွဲဖက်၍ ရွှေကျင်နေသည့် စက်လှေ အစီးပေါင်း ဆယ်ဂဏန်းခန့်ရှိနေကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်နှစ်ခုမှ ဒေသအာဏာပိုင်များအနေဖြင့် မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်ပေးနိုင်ပါက ကောင်းမွန်မည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါလုပ်ငန်းများကို မတားဆီးနိုင်ပါက ဒေသအကျိုးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများက ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်ဘတ်ဂျက်များ ထိခိုက်ဆုံးရှုံးနိုင်ကြောင်း ဦးကျော်သူရက ထောက်ပြသည်။
နိဂုံးချုပ်အနေဖြင့် ကမ်းပါးပြိုကျမှုများကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် မြစ်အတွင်း သဲ၊ ကျောက်စရစ် စုပ်ထုတ်ခြင်းနှင့် ရွှေကျင်ခြင်းများကို ဥပဒေနှင့်အညီ မည်သို့တားဆီးဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့သည်။
ထို့အပြင် ဆောင်ရွက်ရန်ကျန်ရှိသည့် Geotextile အိတ်များဖြင့် ကာကွယ်မည့် ကမ်းထိန်းတမံ အရှည် ၂,၀၀၀ ပေ၊ ရေလွှဲ၊ ရေကာ အလျား ၂,၃၀၀ ပေနှင့် ရေလယ်ကျွန်းသောင်တူးဖော်ခြင်း ၃,၀၀၀ မီတာခန့်ရှိသည့် လုပ်ငန်းများကို လာမည့်ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိကိုလည်း ဦးကျော်သူရက မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews#PAN