ဆိပ်ဖြူအနီး ဧရာဝတီမြစ်သောင်တူးဖော်မှုကြောင့် အနော်ရထာတံတားတိုင် ရေတိုက်စားမှုလျော့ကျရန် ဆောင်ရွက်ထား

(လွှတ်တော်) စက်တင်ဘာ ၂၃

ဧရာဝတီမြစ်ကမ်း ဆိပ်ဖြူဘက်ခြမ်းတွင် သောင်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းသည် မြစ်ကြောင်း၏ မူလရေစီးကြောင်းအတိုင်း လိုအပ်သည့်မြစ်အကျယ်ရရှိစေရန်နှင့် ချောက်မြို့နှင့် ဆိပ်ဖြူမြို့ကို ဆက်သွယ်ထားသည့် အနော်ရထာဧရာဝတီမြစ်ကူးတံတား၏ တံတားတိုင်များ ရေတိုက်စားမှုလျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။

ဆိပ်ဖြူမြို့၏ အရှေ့ဘက်ကမ်းတွင် ဧရာဝတီမြစ်ရှိပြီး ချောက်မြို့အနီးတွင် တည်ရှိသည့် အနော်ရထာတံတားသည် ချောက်မြို့နှင့် ဆိပ်ဖြူမြို့သို့ ဆက်သွယ်သွားလာနေသည့် ဒေသခံပြည်သူများအတွက် အရေးကြီးသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ဆိပ်ဖြူမြို့ မြောက်ဘက်တွင် ယောချောင်းရှိပြီး ယောချောင်းမှ ဧရာဝတီမြစ်ဘက်သို့ ထွက်လာသည့် သောင်ခုံများရှိသည့်အတွက် အဆိုပါသောင်များကို ရှင်းလင်းရာတွင် နားလည်မှုလွဲမှားမှုများနှင့် ဒေသခံများ၏ မေးမြန်းမှုများရှိခဲ့ခြင်းကိုလည်း ဖြေရှင်းရှင်းလင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ်အတွင်း ရေကြောင်းပို့ဆောင်ရေးမြှင့်တင်နိုင်ရေး၊ ရေလမ်းကြောင်းကောင်းမွန်ရေး၊ ရေကြီးရေလျှံမှုလျော့နည်းရေးနှင့် မြစ်ရေတင်စက်များ ရေရရှိရေးတို့အတွက် နှစ်စဉ်ရရှိသည့် ဘဏ္ဍာငွေအပေါ်မူတည်၍ သောင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီမြစ်တစ်လျှောက်ရှိ မြို့ရွာများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ဒေသတွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် မြစ်သဲကျောက် တစ်နှစ်လျှင် တန်ချိန် ၁၀ သန်းနှင့်အထက် တူးဖော်ထုတ်ယူသုံးစွဲနေသဖြင့် မြစ်အထက်ပိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် မြစ်အတွင်းကျဆင်းလာသည့် သဲနုန်းပမာဏ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ထုတ်ယူဖယ်ရှားနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ယင်းအခြေအနေကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြမ်းပြင်မြင့်တက်ခြင်းနှင့် သဲသောင်ဖြစ်ထွန်းခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံရာနေရာတွင်လည်း သဲသောင်များ စုပုံကျဆင်းလာသည့်အတွက် မြစ်ရေလမ်းကြောင်းမှာ ပင်မအစီအမံအရ ရှိရမည့်မြစ်အကျယ်ထက် တဖြည်းဖြည်းကျဉ်းမြောင်းလာကြောင်း သိရသည်။

ထိုသို့ မြစ်ရေလမ်းကြောင်းကျဉ်းမြောင်းလာသည့်အတွက် ရေစီးကြောင်းသည် ကျဉ်းမြောင်းသည့်နေရာသို့ စုစည်းစီးဆင်းလာပြီး အနော်ရထာတံတား၏ ညာဘက်မှ ဒုတိယတံတားတိုင်အောက်တွင် မူလရေမျက်နှာပြင်အောက် အနက် ၁၀ ဒသမ ၃ မီတာခန့်ရှိရမည့်နေရာမှာ သဲသောင်ဖြစ်ထွန်းမှုကြောင့် ရေစီးကြောင်းပြောင်းလဲကာ ၁၂ ဒသမ ၇ မီတာအထိ တိုက်စားမှုရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။

ယင်းမှာ ၂ ဒသမ ၄ မီတာ၊ အကြမ်းဖျင်းအားဖြင့် ၈ ပေခန့်အထိ မြစ်ကြမ်းပြင်ကို တိုက်စားစီးဆင်းနေခြင်းဖြစ်ပြီး ယင်းအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက တံတားတိုင်များ ထိခိုက်ပျက်စီးနိုင်သဖြင့် မြစ်ကြောင်းတစ်လျှောက် ရေစီးဆင်းမှုမျှတစေရန် သဲသောင်များကို ဖယ်ရှားရန် လိုအပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဧရာဝတီမြစ်၏ ပင်မရေလမ်းကြောင်းအစီအမံနှင့် အနော်ရထာတံတားကြီး၏ ရေရှည်ကြံ့ခိုင်မှုကို ထည့်သွင်းစဉ်းစားပြီး ကနဦးအကောင်အထည်ဖော်ရန် လိုအပ်သည့် သဲသောင်တူးဖော်မှုကို အလျား ၂,၀၁၃ မီတာ၊ အကျယ် ၁၇၀ မီတာနှင့် ရေစစ်မျဉ်းအောက် အနက် ၂ မီတာအထိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်တွင် လုပ်ငန်းအားလုံး ပြီးစီးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ယခင်လျာထားအစီအမံတွင် ဧရာဝတီမြစ်၏ ပင်မရေလမ်းကြောင်းအစီအမံနှင့်အညီ သဲသောင်ဖြတ်ထုတ်ခြင်းအပြင် ယောချောင်းအတွင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းကိုပါ ထည့်သွင်းလျာထားခဲ့သော်လည်း ရန်ပုံငွေအခြေအနေအရ ချောင်းဖြောင့်ခြင်းလုပ်ငန်းကို မဆောင်ရွက်နိုင်သဖြင့် သောင်စွယ်ဖြတ်ထုတ်ခြင်းလုပ်ငန်းကို အရေးပေါ်အနေဖြင့် ဦးစွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဖြောင့်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနေရာသို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောင်တူးရေယာဉ်များ ပို့ဆောင်ရန် အခက်အခဲရှိသဖြင့် Dozer နှင့် Backhoe စက်ကြီးများ အသုံးပြု၍ တူးဖော်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။

သောင်တူးဖော်ရာမှ ထွက်ရှိသည့် မြေစာများကို ဆိပ်ဖြူဘက်ကမ်းတွင် စနစ်တကျတင်ပေးပြီး Dozer နှင့် Backhoe များဖြင့် ဖိနှိပ်ကြိတ်ကာ တမံသဖွယ်ဖြစ်အောင် ဆောင်ရွက်ထားကြောင်း သိရသည်။ သောင်တူးဖော်ရာတွင် မြစ်အတွင်းသို့ သဲတစ်မှုန်မျှ မပါဝင်ဘဲ တူးဖော်နိုင်ခြင်းမရှိသော်လည်း အချို့ပမာဏမှာ တူးဖော်နေစဉ် မြစ်အတွင်းသို့ ပြန်လည်ပါဝင်သွားနိုင်ပြီး ယင်းသည် တမင်တကာ မြစ်အတွင်းသို့ စွန့်ပစ်ခြင်းမဟုတ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ထိုသို့ မြစ်အတွင်းသို့ ပါဝင်သွားသည့် ပစ္စည်းအချို့မှာလည်း တူးဖော်ရာနေရာ၌ ကျန်ရှိနေခြင်းမဟုတ်ဘဲ မြစ်ရေစီးကြောင်းနှင့်အတူ အောက်ဘက်သို့ စီးဆင်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

လုပ်ငန်းအရည်အသွေး စစ်ဆေးနိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နေ့စဉ်ကြီးကြပ်ပြီး Third Party QC အဖွဲ့ဖြင့်လည်း စစ်ဆေးစေခဲ့ကြောင်း သိရသည်။

Third Party QC အဖွဲ့အဖြစ် ဇေမင်းကုမ္ပဏီကို ငှားရမ်းအသုံးပြုခဲ့ပြီး အပတ်စဉ်တိုင်းတာစစ်ဆေးကာ အရည်အသွေးနှင့် ပတ်သက်သည့် အာမခံချက်ရရှိမှသာ လုပ်ငန်းကို တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

သောင်တူးဖော်မှုကြောင့် ချောက်မြို့ရှေ့ ဧရာဝတီရေလမ်းကြောင်းမှာ မူလအကျယ်အတိုင်း ပြန်လည်ရရှိလာပြီး တံတားအဝင်ရေလမ်းကြောင်းလည်း လုံလောက်သည့် မြစ်အကျယ်ရရှိလာသဖြင့် အနော်ရထာတံတားတိုင်အောက်ခြေ ရေတိုက်စားမှုကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် အနော်ရထာတံတား တံတားတိုင်အမှတ် (၂) အောက်တွင် ရေစီးအနက်မှာ ယခင်အတိုင်း ၁၀ မီတာခန့်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး တံတားကြီး၏ ကြံ့ခိုင်မှုကို အထောက်အကူပြုနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ထို့အပြင် အောက်ဘက်ရှိ ဥမင်ကိုးပေါက် မြစ်ရေတင်စက်အတွက် မြစ်ရေကို အခက်အခဲမရှိ စုပ်ယူနိုင်ခြင်း၊ မကွေးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ စလင်းမြို့မှ ကျေးရွာများတွင် ရေတိုက်စားကမ်းပြိုမှုအန္တရာယ် လျော့နည်းစေနိုင်ခြင်းတို့လည်း အကျိုးကျေးဇူးများအဖြစ် ရရှိခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင် မေးခွန်းရှင်က လုပ်ငန်းရန်ပုံငွေများကို မြို့နယ်လုံခြုံရေးနှင့် အေးချမ်းသာယာရေးခေါင်းစဉ်သို့ ပြောင်းလဲအသုံးပြုခွင့်ပြုပါက ဒေသခံပြည်သူများအတွက် ပိုမိုအကျိုးရှိနိုင်မည်ဟု တင်ပြမေးမြန်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရန်ပုံငွေပြောင်းလဲအသုံးပြုခြင်းမှာ ရန်ပုံငွေသုံးစွဲမှုလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိကြောင်း ဒုတိယဝန်ကြီးက ဖြေကြားသည်။

ရန်ပုံငွေများကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇)၊ အပိုဒ် ၅၇ အရ သုံးစွဲရမည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှုနှင့် အရည်အသွေးစစ်ဆေးမှုများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အနာဂတ်တွင် ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ ယောချောင်းဝ၌ ချောင်းဖြောင့်ခြင်း၊ ရေရှည်သဲနုန်းစုပုံမှု မဖြစ်စေရန် ရေလမ်းထိန်းသိမ်းရေးအဆောက်အဦ Guide Wall တည်ဆောက်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် ကမ်းထိန်းလုပ်ငန်းများကို ဧရာဝတီမြစ်ရေလမ်းကြောင်း ပင်မအစီအမံများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ရန် လျာထားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

အဆိုပါဖြေကြားချက်သည် ဆိပ်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထက်က “ဧရာဝတီမြစ်ကမ်း ဆိပ်ဖြူဘက်ခြမ်းတွင် သောင်တူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးမြန်းခဲ့သည့် မေးခွန်းအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်ဇော်ထက်က ဧရာဝတီမြစ်သဲသောင်တူးဖော်ရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ မူလမြစ်ကြောင်းအတွင်း သဲသောင်များ စုပုံလာပြီး မြစ်ကြောင်းကျဉ်းမြောင်းလာသည့်အခြေအနေကို တွေ့ရကြောင်း၊ တူးဖော်သည့် သဲသောင်အချို့ကို မြစ်ကမ်းဘက်တွင် တင်ထားခြင်းကြောင့် ရေတက်ချိန်တွင် ပြန်လည်မျောပါက မြစ်ကြမ်းပြင်၌ အနည်ပို့ချခြင်းနှင့် မလိုလားအပ်သည့်နေရာများတွင် သောင်ထွန်းခြင်း ဖြစ်ပေါ်နိုင်ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။

ထို့ကြောင့် လုပ်ငန်း၏ ပြီးစီးမှုစံချိန်စံညွှန်း၊ စာချုပ်ပါအချက်အလက်များနှင့် စစ်ဆေးသည့်အဖွဲ့အစည်းများကို မည်သည့်ဌာနများဖြင့် ဖွဲ့စည်းထားပြီး မည်မျှအကြိမ် စစ်ဆေးခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ထို့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပမာဏ ကျပ်သန်း ၂,၇၅၀ ဖြင့် လုပ်ငန်းဆက်လက်ဆောင်ရွက်ရန်ရှိသည်ဟု သိရှိရသဖြင့် နောင်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လုပ်ကိုင်မည်ဆိုပါက သဲသောင်များကို မြစ်ကမ်းအတွင်း၌သာ စုပုံထားခြင်းမပြုဘဲ မြစ်ကမ်း၏ လွတ်ကင်းသည့်ဘက်သို့ အလုံးစုံဖယ်ရှားရှင်းလင်းမည့် အစီအစဉ်ရှိ၊ မရှိကိုလည်း မေးမြန်းခဲ့သည်။

နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းသာယာရေးကို အလေးထားဆောင်ရွက်ရမည့် အခြေအနေဖြစ်သည့်အတွက် ဆက်လက်အသုံးပြုမည့် ၇၀ ရာခိုင်နှုန်းသော ဘဏ္ဍာငွေများကို တည်ငြိမ်အေးချမ်းရေးခေါင်းစဉ်အောက်သို့ ပြောင်းလဲအသုံးပြုရန် အစီအစဉ်ရှိ၊ မရှိကိုလည်း ဦးအောင်ဇော်ထက်က မေးမြန်းခဲ့ကြောင်း သိရသည်။

ဦးအောင်ဇော်ထက်၏ မေးခွန်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ နိုင်ငံတော်သမ္မတ၏ မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခရီးစဉ်အတွင်း ဧရာဝတီမြစ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့သည်ဟု သိရှိရကြောင်းလည်း ထည့်သွင်းတင်ပြထားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ ဆိပ်ဖြူဘက်ခြမ်း သောင်တူးဖော်မှုသည် ဧရာဝတီမြစ် ပင်မရေလမ်းကြောင်းအစီအမံအရ လိုအပ်သည့်မြစ်အကျယ်ရရှိရေးနှင့် အနော်ရထာတံတားတိုင်များ ရေတိုက်စားခံရမှုလျော့ချရေးအတွက် လေ့လာဆန်းစစ်ပြီး ဆောင်ရွက်ခဲ့သည့်လုပ်ငန်းဖြစ်ကြောင်း သိရသည်။

အနာဂတ်တွင်လည်း ယောချောင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ယောချောင်းဝဖြောင့်တန်းခြင်းလုပ်ငန်းနှင့် လိုအပ်ပါက ကမ်းထိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com

Telegram – t.me/positiveanglenews #PAN