အင်္ဂပူ ငဝန်မြစ်ကမ်းပြိုမှုကာကွယ်ရန် Pilot Channel ဖောက်လုပ်ရေး ဒေသခံသဘောတူညီချက်ရရှိမှ ဆက်လက်ဆောင်ရွက်မည်

(လွှတ်တော်) စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်း ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများကို ရေရှည်ကာကွယ်နိုင်ရန် Pilot Channel မြစ်ဖြတ်မြောင်း ဖောက်လုပ်ရေးအတွက် အင်္ဂပူနှင့် ဟင်္သာတမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ သဘောတူညီချက်ကို ဦးစွာရရှိရန် လိုအပ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။

ငဝန်မြစ်သည် အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ မကျီးစုကျေးရွာအုပ်စု၊ ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာများကို ဖြတ်သန်းစီးဆင်းနေပြီး ၂၀၁၈-၂၀၁၉ ခုနှစ်နောက်ပိုင်းမှစ၍ ရေဦးထိုးတိုက်စားမှု တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။

ငဝန်မြစ်သည် ကညင်တပင်ကျေးရွာအုပ်စုဘက်မှ နောက်သို့တဖြည်းဖြည်းဆုတ်လာပြီး မမြချောင်းနှင့် ပေါင်းစပ်သည့်အထိ ကမ်းတိုက်စားမှု ဖြစ်ပွားခဲ့ကြောင်း၊ မမြချောင်းနှင့် ငဝန်မြစ်ပေါင်းစပ်ပြီးနောက်တွင်လည်း ဆက်လက်တိုက်စားနေသည့်အတွက် ကညင်တပင်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် လမ်းများပါ နောက်သို့ရွှေ့ပြောင်းရသည့် အခြေအနေရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ကမ်းပြိုမှုအခြေအနေ အတိုင်းအတာတစ်ခုအထိ သက်သာခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

လက်ရှိတွင် ငဝန်မြစ်ရေစီးထုထည် ပိုမိုများပြားလာသည့်အတွက် အင်္ဂပူမြို့နယ် နောက်မီးအုပ်စုနှင့် ဝက်လဟာကျေးရွာအုပ်စုဘက်ရှိ ကမ်းပြိုမှုများမှာ ဆိုးရွားလာပြီး ကားလမ်းများပါ နောက်သို့ဆုတ်လာကြောင်း၊ မြစ်ကမ်းပါးမြေသားများမှာ သဲနုန်းမြေများဖြစ်သဖြင့် ပြိုကျမှုမြန်ဆန်ပြီး ကမ်းစားမှုမှာလည်း ပိုမိုမြန်ဆန်လာကြောင်း ၎င်းက ဆိုသည်။

ယင်းအခြေအနေကို ကာကွယ်ရန်အတွက် Pilot Channel မြစ်ဖြတ်မြောင်း ၁ ဒသမ ၄ မိုင် ဖောက်လုပ်ခြင်း၊ အပေါ်ဘက်တွင် ကျောက်ဖြစ်မျောကွန်ကရစ်ကွက် ၃,၁၀၀ ပေ ဆောင်ရွက်ခြင်းနှင့် မြစ်ဖြတ်မြောင်းအောက်ဘက် ငဝန်မြစ်အတွင်း Porcupine ၂,၀၀၀ ချ ထားခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ထို့အပြင် အောက်ဘက်ရှိ တောင်ဆွယ်ကိုလည်း ဖြတ်တောက်ရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်း ၃ ရပ်ကို ဆောင်ရွက်မှသာ ကညင်တပင်ကျေးရွာဘက်သို့ ငဝန်မြစ်၏ ရေဦးထိုးတိုက်စားမှုကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ၂၀၂၂ ခုနှစ်တွင် ရန်ပုံငွေတင်ပြခဲ့သော်လည်း လက်တွေ့ကွင်းဆင်းစစ်ဆေး၍ ဒေသခံများနှင့် ဆွေးနွေးသည့်အခါ ဒေသခံများက ကန့်ကွက်ခဲ့သဖြင့် Project ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ ကမ်းပါးတိုက်စားမှု သက်သာစေရန်အတွက်သာ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

လက်ရှိ ငဝန်မြစ်ရေတိုက်စားမှုအခြေအနေအရ အင်္ဂပူမြို့နယ် မကျီးစုကျေးရွာ၊ ကညင်တပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာတို့ရှိ ကမ်းပြိုနေသည့်နေရာများကို တိုက်ရိုက်ကာကွယ်ရေး ဆောင်ရွက်ပေးခြင်းနှင့် Pilot Channel ဖောက်လုပ်သည့် သွယ်ဝိုက်ကာကွယ်ရေးနည်းလမ်းတို့ကို နှစ်မျိုးခွဲ၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

မြစ်ဖြတ်မြောင်းဖောက်လုပ်ခြင်းကို နှစ်စဉ်ဦးစားပေးအစီအစဉ်အတိုင်း လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။

အင်္ဂပူမြို့နယ် မကျီးစု၊ ကညင်တပင်၊ ကြို့ကုန်းကျေးရွာများနှင့် အင်္ဂပူ-ညောင်ကျိုးကားလမ်းတို့ကို ကမ်းပြိုကမ်းစားမှုမှ ရေရှည်ကာကွယ်ရန် တိုက်ရိုက်ကာကွယ်သည့်နည်းလမ်းထက် Pilot Channel ဖောက်လုပ်သည့် သွယ်ဝိုက်ကာကွယ်ရေးနည်းလမ်းကသာ ပိုမိုထိရောက်နိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်မှာ မှန်ကန်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားသည်။

သို့သော် မြစ်ဖြတ်မြောင်း ဖောက်လုပ်နိုင်ရန်အတွက် အင်္ဂပူမြို့နယ်နှင့် ဟင်္သာတမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ သဘောတူညီချက်ကို ဦးစွာရရှိအောင် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှု ရလဒ်အပေါ် မူတည်ပြီးမှသာ မြစ်ဖြတ်မြောင်းဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ငဝန်မြစ်ရေတိုက်စားမှုကာကွယ်ရေးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သဖြင့် အားလုံးသဘောတူညီမှုရရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်သည့်အချိန်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းနှင့် လုပ်အားပိုင်းတို့မှ ဝိုင်းဝန်းပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဖြေကြားချက်သည် အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်းက “အင်္ဂပူမြို့နယ်၊ နောက်မီးအုပ်စုနှင့် ဝက်လဟာအုပ်စုအတွင်းရှိ ကျေးရွာများ မြစ်ကမ်းထိန်းခြင်းနှင့် မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းအား အရေးတကြီးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဌေးဝင်းက ငဝန်မြစ်ရေတိုက်စားမှုကြောင့် နောက်မီးကျေးရွာအုပ်စုနှင့် ဝက်လဟာကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ခြေများ ပျက်စီးပြီး ပြောင်းရွှေ့ရခြင်း၊ ကားလမ်းများနှင့် တံတားများ မြစ်ကမ်းပြိုသည့်နေရာတွင် ပါသွားခြင်း၊ လယ်ယာမြေများ နှစ်စဉ်ရေလွှမ်းမိုးမှုခံနေရခြင်းတို့ ဖြစ်ပေါ်နေသဖြင့် မြစ်ကမ်းထိန်းခြင်းနှင့် မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းများ အရေးတကြီးဆောင်ရွက်ပေးရန် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ငဝန်မြစ်သည် ဧရာဝတီမြစ်မှ အင်္ဂပူမြို့နယ်အရှေ့ဘက် ညောင်ကျိုးကျေးရွာအထက်နားမှ ခွဲထွက်ပြီး ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်ကြားတွင် စီးဆင်းကြောင်း၊ ငဝန်မြစ်အနောက်ဘက်ကမ်းရှိ နောက်မီးကျေးရွာအုပ်စုနှင့် ဝက်လဟာကျေးရွာအုပ်စုမှ ကျေးရွာများမှာ ၂၀၁၈-၂၀၁၉ ခုနှစ်မှစ၍ မြစ်ကမ်းပြိုကျတိုက်စားမှုများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းက တင်ပြသည်။

ဒေသခံပြည်သူများနှင့် တတ်သိပညာရှင်များက ဒေသတွင်းရှိ ဝါးအဖျားများ၊ သစ်ကိုင်းများအသုံးပြု၍ မြစ်ကမ်းဆယ်ခြင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပထမအကြိမ် ကမ်းထိန်းလုပ်ငန်းများနှင့် ကတုတ်တန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သို့သော် မိုးရာသီ မြစ်ရေတက်လာချိန်တွင် အဆိုပါလုပ်ငန်းများမှာ မြစ်ရေတိုက်စားမှုနောက် ပါသွားခဲ့ကြောင်း၊ အင်္ဂပူ-ညောင်ကျိုး ကတ္တရာလမ်းပိုင်းအချို့လည်း မြစ်ရေတိုက်စားမှုဒဏ်ခံခဲ့ရကြောင်း ဒေါက်တာဌေးဝင်းက ပြောသည်။

၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြစ်ကြောင်းရိုးမှ မြစ်ကမ်းထိန်းနံရံများနှင့် ကမ်းထိန်းလုပ်ငန်းများ ဒုတိယအကြိမ် ဆောင်ရွက်ခဲ့ပြီး မှတ်တမ်းများအရ ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော် ကုန်ကျခဲ့သော်လည်း မြစ်ရေတိုက်စားမှုနှင့် ရေကြီးမှုများကြောင့် ပြန်လည်ပျက်စီးခဲ့ကြောင်း ၎င်းက တင်ပြသည်။

နောက်မီးအုပ်စုအတွင်းရှိ ကြို့ကုန်းကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းတို့လည်း မြစ်ကမ်းပြိုမှုကြောင့် ထိခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့ခဲ့ရကြောင်း၊ ဆက်လက်၍ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကားလမ်းများပါ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဒေသရှိ အိုးအိမ်ပျက်စီးမှုနှင့် မြစ်ကမ်းတိုက်စားမှုအခြေအနေများကို သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် အုပ်ချုပ်ရေးအဖွဲ့များက လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း၊ ငဝန်မြစ်ရေတိုက်စားမှုကြောင့် အင်္ဂပူ-ညောင်ကျိုးကားလမ်းပေါ်ရှိ မမြချောင်းကူးတံတားနှင့် ကညင်ပင်တံတားတို့လည်း ပြိုကျပျက်စီးခဲ့ပြီး သစ်သားတံတားများဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင်လည်း မြစ်ကြောင်းရိုးမှ မြစ်ကမ်းထိန်းကတုတ်များ၊ မြစ်ကမ်းဆည်ခြင်းလုပ်ငန်းများနှင့် ရေကာတန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သော်လည်း မိုးရာသီတွင် မျောပါပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ်းထိန်းခြင်းနှင့် ကမ်းဆည်ခြင်းလုပ်ငန်းများကို လေးကြိမ်ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ်မှာ ခန့်မှန်းအားဖြင့် ကျပ် ၁ ဒသမ ၂ ဘီလီယံခန့်ရှိခဲ့ကြောင်း၊ အိမ်ခြေ ၁၅၀ ကျော်မှာလည်း ကမ်းပြိုမှုအတွင်း ပါဝင်ပျက်စီးခဲ့သဖြင့် ကျေးရွာများ ပြောင်းရွှေ့ခဲ့ရကြောင်း ဒေါက်တာဌေးဝင်းက တင်ပြသည်။

ထို့အပြင် ကားလမ်းမှာလည်း ၁ မိုင်ကျော် မြစ်ရေတိုက်စားခံရပြီး လက်ရှိတွင် သွားလာရေးအဆက်အသွယ် ပြတ်တောက်နေကြောင်း၊ မြစ်ကမ်းပြိုမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး ကျေးရွာများအနီးရှိ လမ်းများကိုလည်း ဆက်လက်အန္တရာယ်ပြုနေကြောင်း သိရသည်။

ထို့ကြောင့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်း၍ မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းကို ဆောင်ရွက်မှသာ ငဝန်မြစ်ရေတိုက်စားမှုအန္တရာယ်ကို လျော့ချနိုင်မည်ဟု ဒေါက်တာဌေးဝင်းက တင်ပြသည်။

အင်္ဂပူမြို့နယ် လူတော်စုအုပ်စု၊ အမြိုင်းကျေးရွာအနီးမှ တန်းလွဲနံရံများပြုလုပ်ပြီး မူလမြစ်ဟောင်းအတွင်းသို့ မြစ်ကြောင်းလွှဲပေးနိုင်မှသာ ရေတိုက်စားမှုကို ရေရှည်လျော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် နောက်မီးကျေးရွာ၊ တံခါးစုကြီးကျေးရွာ၊ တံခါးစုလေးကျေးရွာ၊ အင်အားကြီးကျေးရွာလူနေအိမ်စုများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများကို ကမ်းပြိုကမ်းစားမှုမှ ကာကွယ်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပညာရှင်များဖြင့် မြစ်ကြောင်းလွှဲခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တင်ပြမေးမြန်းခဲ့သည်။

Telegram – t.me/positiveanglenews

#PAN