(လွှတ်တော်) စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ကင်ဆားရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းတွင် ရိုးရိုးတန်းပွဲကြည့်စင်နှင့် ဖူဆယ်အားကစားရုံ တည်ဆောက်ရေးအတွက် စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် ကျပ် ၄,၀၂၀ သန်းကို ဦးစားပေးအလိုက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ပြောကြားသည်။
တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက် ပြည်သူ့အားကစားကွင်း၌ ဘောလုံးကွင်းပတ်လမ်း၊ ပွဲကြည့်စင်၊ လူငယ်လေ့ကျင့်ရေးဘောလုံးကွင်းနှင့် ဖူဆယ်ဘောလုံးကွင်းရုံတို့ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို တနိုင်းမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမြင့်ကိုက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီး ဦးညီညီက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ ပြည်သူများ အားကစားကို ပိုမိုစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲလာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများကို စနစ်တကျ တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည့်အပြင် Mass Sports အစီအစဉ်များဖြင့်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း အားကစားကွင်းများ၊ အားကစားရုံများ၊ ပွဲကြည့်စင်များနှင့် ရေကူးကန်များကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းနှင့် အသစ်ထပ်မံတည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။တနိုင်းမြို့နယ် အားကစားကွင်း၏ မြေဧရိယာ ၆.၇၆၂ ဧကမှာ အားကစားရေးရာဝန်ကြီးဌာနပိုင်မြေအဖြစ် အခမဲ့မြေလွှဲမိန့်ရရှိပြီးသော မြေနေရာဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ယင်းအားကစားကွင်းအတွင်းရှိ အားကစားခန်းမ ကြမ်းခင်းအသစ် ပြန်လည်ပြုပြင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၂၄၇.၅ သန်းနှင့် အားကစားကွင်းမြေဖို့ခြင်း ၄၅၀ ပေ x ၂၉၀ ပေ၊ Inner Fencing ၁,၄၈၀ ပေ ကာရံခြင်းလုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၆၀၇.၈ သန်း၊ စုစုပေါင်း ကျပ် ၈၅၅.၃ သန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက် ပြည်သူ့အားကစားကွင်းအတွင်း အားကစားခန်းမ၊ အထူးတန်းပွဲကြည့်စင်၊ Score Board နှင့် ရုံးအဆောက်အဦများ ဆောက်လုပ်ထားပြီးဖြစ်သဖြင့် လက်ရှိကျန်ရှိသည့် မြေဧရိယာမှာ အလျား ၄၉၀ ပေ၊ အနံ ၃၇၀ ပေသာရှိကြောင်း သိရသည်။
ထို့ကြောင့် ယင်းအားကစားကွင်းအတွင်း မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း ဖောက်လုပ်ရန် မြေနေရာလုံလောက်မှုမရှိသဖြင့် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းသည်။
မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် မြေဧရိယာ အလျား ၆၂၂ ပေ၊ အနံ ၃၃၄ ပေ ရှိရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။တနိုင်းမြို့နယ်အားကစားကွင်းအတွင်း လက်ရှိ အထူးတန်းပွဲကြည့်စင် ၁၀၀ ပေ x ၄၀ ပေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ ကျပ် ၉၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ တနိုင်းမြို့နယ်အားကစားကွင်းတွင် ရိုးရိုးတန်းပွဲကြည့်စင် ၁၀၀ ပေ x ၄၀ ပေ တည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ကျပ် ၇၂၀ သန်းနှင့် ဖူဆယ်အားကစားရုံ ၁၅၀ ပေ x ၁၁၀ ပေ တည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ကျပ် ၃,၃၀၀ သန်း၊ စုစုပေါင်း ကျပ် ၄,၀၂၀ သန်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို ဦးစားပေးအလိုက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမြင့်ကိုက တနိုင်းမြို့နယ်တွင် လူဦးရေ ၅၀,၀၀၀ ကျော်ရှိပြီး အထက်တန်းကျောင်း ၄ ကျောင်း၊ အ.ထ.က (ခွဲ) ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အ.လ.က (ခွဲ) ၂ ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) ၁ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၀ ကျောင်း၊ မူလတန်းကျောင်း ၁၃ ကျောင်းနှင့် မူလတန်းကျောင်း (ခွဲ) ၁ ကျောင်း စုစုပေါင်း ၃၅ ကျောင်းရှိကြောင်း တင်ပြခဲ့သည်။
တနိုင်းမြို့တွင် နှစ်စဉ်လအလိုက် ဘောလုံးပွဲများ ကျင်းပလျက်ရှိပြီး မြို့နယ်စီမံဥက္ကဋ္ဌ၏ ရပ်/ကျေးဖလားပွဲ၊ ကျောင်းပေါင်းစုံဘောလုံးပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဝန်ကြီးချုပ်၏ တိုင်းရင်းသားပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖလားပြိုင်ပွဲနှင့် နေ့ကြီးရက်ကြီး အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲများကို မြို့နယ်ရှိ ပြည်သူ့အားကစားကွင်းတစ်ကွင်းကို အားကိုး၍ ကျင်းပနေရကြောင်း ၎င်းက ဆိုသည်။
လက်ရှိအားကစားကွင်းမှာ ဘောလုံးပွဲများအတွက် အဆင်ပြေသော်လည်း မီတာအလိုက် အပြေးပြိုင်ပွဲများနှင့် အခြားအားကစားပြိုင်ပွဲများ ကျင်းပရန် နေရာမရှိကြောင်း ဦးမြင့်ကိုက တင်ပြသည်။
ထို့အပြင် တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်အတွင်းရှိ အားကစားရေးရာဝန်ကြီးဌာနပိုင် အားကစားဝင်း၏ အစိတ်အပိုင်း ၆ ပုံ ၂ ပုံခန့်ကို လိုင်းပေါင်းစုံကားဂိတ်နှင့် ကားကြီးဝင်းများအဖြစ် အသုံးပြုနေခြင်းသည် အားကစားကွင်းနှင့် သဟဇာတမဖြစ်သည့်အပြင် အားကစားကွင်းသို့ လာရောက်လေ့ကျင့်နေသည့် လူငယ်အားကစားသမားများအတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ပြည်သူ့အားကစားကွင်းတွင် ဘောလုံးကွင်းတစ်ကွင်း၊ လူ ၅၀၀ ဆံ့ ပွဲကြည့်စင်တစ်ခု၊ လူ ၂,၅၀၀ ဦးဆံ့ မိုးလုံလေလုံအားကစားရုံတစ်ရုံနှင့် မြို့နယ်ရုံးတစ်ရုံးသာရှိပြီး ကျန်ရှိသည့်နေရာကို ကားကြီးကွင်းအဖြစ် ငှားရမ်းထားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ကြောင်းလည်း တင်ပြခဲ့သည်။
ဦးမြင့်ကိုက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ အားကစားကဏ္ဍနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် အားကစားသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များ၏ စည်းကမ်း၊ ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် မွေးမြူရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတကာတွင် နိုင်ငံ့ဂုဏ်သိက္ခာ မြှင့်တင်ရေးတို့အတွက် အထောက်အကူပြုနိုင်သည့် အကြောင်းအရာများကိုလည်း ထည့်သွင်းတင်ပြခဲ့သည်။
ယင်းအပြင် အားကစားရေးရာဝန်ကြီးဌာနကို မြန်မာ့အားကစား ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သီးခြားဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးမြင့်ကိုက တင်ပြခဲ့သည်။
တနိုင်းမြို့သည် ၂၀၂၂ ခုနှစ်မှစ၍ ခရိုင်အဆင့်သို့ တိုးမြှင့်ခံထားရသည့် ခရိုင်မြို့တစ်မြို့ဖြစ်ပြီး လက်ရှိမြို့နယ်ခွဲတွင် အားကစားသမားများ၏ လေ့ကျင့်ရေးကွင်းသည် ပြိုင်ပွဲကျင်းပရာကွင်းနှင့် တစ်ခုတည်းဖြစ်သဖြင့် ရေရှည်တွင် ပြုပြင်ထိန်းသိမ်းနိုင်မှု မရှိပါက ပျက်စီးသွားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ကြောင့် အားကစားကွင်းအတွင်း လေ့ကျင့်ရေးကွင်းတစ်ကွင်း၊ မီတာ ၄၀၀ ပြေးပတ်လမ်း၊ လူ ၅၀၀ ဆံ့ ပွဲကြည့်စင်တစ်စင်နှင့် ဖူဆယ်ဘောလုံးကွင်းတစ်ကွင်းတို့ကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို တိကျစွာ ဖြေကြားပေးရန် ဦးမြင့်ကိုက မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN