ပူတာအို ပန်းလှိုင်-ပူတောင်း-မုဒုံလမ်းမှ ၄ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် လျာထားမည်

(လွှတ်တော်) စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ပန်းလှိုင်-ပူတောင်း-မုဒုံ ကျေးရွာချင်းဆက်လမ်း၏ စုစုပေါင်းအရှည် ၂ မိုင် ၇ ဖာလုံအနက် ၄ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး လျာထားတင်ပြသွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ပူတာအိုမြို့နယ်၊ ပန်းလှိုင်-ပူတောင်း-မုဒုံလမ်း၏ တည်နေရာပြမြေပုံနှင့် မြေပြင်မှတ်တမ်းဓာတ်ပုံများကို လွှတ်တော်တွင် တင်ပြခဲ့ပြီး မြေပုံအတွင်း ၀ မိုင်မှ ၁ မိုင်ကြား၊ ၁ မိုင်မှ ၂ မိုင်ကြားနှင့် ၂ မိုင်မှ ၂ မိုင် ၇ ဖာလုံကြားရှိ လမ်းပိုင်းများ၏ မြေပြင်အခြေအနေမှတ်တမ်းများ ပါဝင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါလမ်းသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ပြည်နယ်က စီမံခန့်ခွဲသော Class (A) အဆင့် ကျောက်ချောလမ်းဖြစ်ပြီး လမ်းအရှည် စုစုပေါင်း ၂ မိုင် ၇ ဖာလုံရှိကြောင်း သိရသည်။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်း၏ စုစုပေါင်းအရှည် ၂ မိုင် ၇ ဖာလုံအနက် ၄ ဖာလုံကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအဖြစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေး လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါမေးခွန်းကို ပူတာအိုမဲဆန္ဒနယ်မှ ဦးရားနီက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဦးရားနီက ပူတာအိုမြို့နယ်တွင် မြို့ပေါ် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၁၁၄ ရွာနှင့် လူဦးရေ စုစုပေါင်း ၆၈,၁၃၇ ဦး မှီတင်းနေထိုင်လျက်ရှိသည့် ခရိုင်မြို့စိုက်ရာ မြို့တစ်မြို့ဖြစ်ကြောင်း ပြောကြားသည်။

ပန်းလှိုင်ရပ်ကွက်နှင့် ပူတောင်းကျေးရွာတို့သည် ပူတာအိုမြို့နယ်တွင် ရှေးအကျဆုံး ရပ်ကွက်နှင့် ကျေးရွာများဖြစ်ပြီး ဒေသခံ ခန္တီးရှမ်းတိုင်းရင်းသားများ နေထိုင်ကြသည့် ဒေသများဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် “ပူတာအို” ဟူသည့်အမည်မှာ ခန္တီးရှမ်းစကား “ဟူးတောင်း” မှ ဆင်းသက်လာခြင်းဖြစ်ပြီး “ဟူး” ဆိုသည်မှာ “အဖူး” နှင့် “တောင်း” ဆိုသည်မှာ “မျှော်” ဟု အဓိပ္ပာယ်ရကာ “အဖူးအမျှော်နှင့်ရွာ” ဟူသည့် ခန္တီးရှမ်းဘာသာစကားမှ ပူတာအိုဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ပန်းလှိုင်ရပ်ကွက်မှ ပူတောင်းကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်း ၂ မိုင်မှာ မိုးတွင်းကာလတွင် မိုးရေလျှံစီးဆင်းမှုကြောင့် သဲနုန်းမြေများ မျောပါခြင်း၊ ကျောက်လုံးကျောက်ခဲများ မညီမညာဖြစ်ကာ လမ်းတစ်လျှောက် ပြန့်ကျဲနေခြင်းတို့ကြောင့် ရေဝပ်ခြင်းနှင့် လမ်းပျက်စီးခြင်းများ ဖြစ်ပေါ်နေသဖြင့် ပြုပြင်ပေးရန် လိုအပ်ကြောင်း ဦးရားနီက တင်ပြခဲ့သည်။

အဆိုပါလမ်းသည် အများပြည်သူ အသုံးပြုသွားလာမှုများသည့် လမ်းဖြစ်သကဲ့သို့ ပူတောင်း-မုဒုံကျေးရွာဘက်ရှိ အခြေခံပညာအထက်တန်း ပူတာအိုကျောင်းသို့ နေ့ချင်းပြန် ကျောင်းတက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်အသုံးပြုသွားလာရသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ပန်းလှိုင်-ပူတောင်း ကျေးရွာချင်းဆက်လမ်းမှတစ်ဆင့် မုဒုံရွာနှင့် ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာရှိ ကျေးရွာ ၉ ရွာတို့ကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးဖြစ်သဖြင့် နေ့စဉ်အများပြည်သူ သွားလာမှုများပြားကြောင်း သိရသည်။

ထို့အပြင် ပူတာအိုမြို့၏ အရှေ့မြောက်ဘက်ရှိ ကျေးရွာများမှ လယ်ယာထွက်ကုန်များနှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင်လည်း အဓိကကျသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ဦးရားနီက ပြောသည်။

ပန်းလှိုင်-ပူတောင်းမှတစ်ဆင့် မုဒုံကျေးရွာချင်းဆက်လမ်းကို အဆင့်မြှင့်တင်ပေးနိုင်ပါက ပန်းလှိုင်ရပ်ကွက်၊ ပူတောင်းကျေးရွာ၊ မုဒုံကျေးရွာနှင့် ပမ္မတီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လူဦးရေ စုစုပေါင်း ၅,၈၂၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်သဖြင့် လမ်းအဆင့်မြှင့်တင်ပေးရန် လိုအပ်ကြောင်း ၎င်းက တင်ပြခဲ့သည်။

ထို့ကြောင့် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်နှင့် ပူတောင်းကျေးရွာချင်းဆက် ကျောက်ခင်းလမ်း ၂ မိုင်ကို အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မထုရှိသည့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ဦးရားနီက ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN