မကွေး အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရေး ကျပ် ၈၃,၄၇၇ သန်းကျော် လျာထားတင်ပြမည်

(လွှတ်တော်) စက်တင်ဘာ ၂၃

မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရန်အတွက် ၂၀၁၈ ခုနှစ်ကတည်းက လျာထားသတ်မှတ်ထားသည့် မြေဧရိယာ ၅၂.၀၉ ဧကကို အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့မြေလွှဲမိန့်ရရှိပြီးပါက ကျောင်းတည်ဆောက်နိုင်ရေးအတွက် စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် ကျပ် ၈၃,၄၇၇.၂၆၀ သန်းကို နီးစပ်ရာဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မကွေးမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစိုးတင့်နိုင်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရန် မြေနေရာရရှိထားပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ တည်ဆောက်နိုင်ခြင်းမရှိသေးသည့်အတွက် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးညီညီက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရေး၊ ဒေသအလိုက် ရွက်ပုန်းသီးထူးချွန်အားကစားသမားများ ပိုမိုပေါ်ထွက်လာရေး၊ မြန်မာ့အားကစားအောင်မြင်မှုများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားများအားလုံး ပါဝင်နိုင်ရေးနှင့် ဒေသအလိုက် အားကစားလုပ်ငန်းများဖွံ့ဖြိုးပြီး တိုင်းရင်းသားပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး စသည့် ဦးတည်ချက်လေးရပ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ပညာရေးကို အားကစားနှင့်တွဲဖက်၍ ဟန်ချက်ညီညီဖြင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရန် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်၊ စစ်တွေ၊ ဟားခါးမြို့များတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ၈ ကျောင်း တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းတို့အနက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ၆ ကျောင်းကို တည်ဆောက်ဖွင့်လှစ်ပြီး အားကစားနှင့်ပညာရေးကို အချိုးညီမျှစွာ ဖွံ့ဖြိုးတိုးတက်စေရန် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

စစ်တွေမြို့နှင့် ဟားခါးမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှာ တည်ဆောက်ပြီးဖြစ်သော်လည်း သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ရှင်းလင်းသည်။

မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ထားခြင်းမရှိသေးသည့်အတွက် ဖွင့်လှစ်နိုင်ရန် ပထမဦးစားပေးမြေနေရာအဖြစ် မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၀-ဂ)၊ အကွက်အမှတ် (တာလမ်းတောင်ကွင်း)၊ မြေကွက်အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၈) ရှိ မြေဧရိယာ ၅၂.၀၉ ဧက ကျန်အခြားမြေ (OA) နှင့် ဒုတိယဦးစားပေးမြေနေရာအဖြစ် မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၈၁-ခ)၊ အကွက်အမှတ် (တုံ့လဲကွင်း) ရှိ မြေဧရိယာ ၅၀.၁၃ ဧက ကျန်အခြားမြေ (OA) တို့ကို လျာထားခဲ့ကြောင်း သိရသည်။

ယင်းမြေနေရာနှစ်ခုအနက် ပထမဦးစားပေးမြေနေရာကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မြေပိုင်ဆိုင်မှုရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့မြေလွှဲမိန့်ရရှိရေးအတွက် တစ်နှစ်အတွင်းရေးဆွဲထားသည့် မြေစာရင်းပုံစံ (၁၀၅/၁၀၆) လိုအပ်သဖြင့် ယင်းပုံစံများကို ရေးဆွဲကာ မြို့နယ်မြေစာရင်းဦးစီးဌာနသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သပြေစမ်းကျေးရွာအုပ်စုရှိ အဆိုပါ ၅၂.၀၉ ဧကမြေကို အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့မြေလွှဲမိန့်ရရှိပြီးပါက အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်နိုင်ရေးအတွက်စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် ကျပ် ၈၃,၄၇၇.၂၆၀ သန်းကို နီးစပ်ရာဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။

မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်က မကွေးတိုင်းဒေသကြီးသည် မြေလတ်ဒေသအတွင်း လူငယ်မျိုးဆက်သစ်အားကစားသမားများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုများပြားသည့်ဒေသဖြစ်သဖြင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် လိုအပ်နေကြောင်း မေးခွန်းတွင် ထည့်သွင်းတင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လွိုင်ကော်၊ ဟားခါးနှင့် စစ်တွေမြို့များ၌ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးချထားပေးခြင်းကို ဝမ်းသာကျေနပ်မိသော်လည်း မကွေးတိုင်းဒေသကြီး မြေလတ်ဒေသတွင်လည်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် လိုအပ်ချက်ရှိနေကြောင်း ၎င်းက ဆိုသည်။

မကွေးမြို့တွင် ၂၀၁၈ ခုနှစ်က အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်ရန်အတွက် ခရိုင်မြေနေရာချထားရေးကော်မတီက သပြေစမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၀-ဂ) တွင် မြေဧရိယာ ၅၂.၀၉ ဧက ချထားပေးခဲ့ပြီး နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ကလည်း ၂၀၁၈ ခုနှစ်တွင် မြေလွှဲမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ သတ်မှတ်နေရာ၌ ကျောင်းတည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ဦးစိုးတင့်နိုင်က တင်ပြခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာဌာနအနေဖြင့်လည်း ယင်းမြေကို ဌာနပိုင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိသေးသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့လက်ရွေးစင်အဆင့် အားကစားသမားများ ပေါ်ထွန်းခဲ့သော်လည်း စနစ်တကျလေ့ကျင့်မွေးထုတ်ပေးနိုင်မည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတစ်ကျောင်း လိုအပ်နေပြီး မကွေးတိုင်းဒေသကြီးမှ လူငယ်မျိုးဆက်သစ်အားကစားသမားများအနေဖြင့် မန္တလေးမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ အများဆုံးသွားရောက်သင်ကြားလေ့ကျင့်နေကြရကြောင်းလည်း ၎င်းက တင်ပြသည်။

မိမိဒေသအတွင်း၌သာ သင်ကြားလေ့ကျင့်ခွင့်ရရှိပါက အကြောင်းအမျိုးမျိုးကြောင့် မန္တလေးသို့ သွားရောက်နိုင်ခြင်းမရှိသည့် လူငယ်မျိုးဆက်သစ်များအတွက် အဆင်ပြေစေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီးမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးစိုးတင့်နိုင်က မေးမြန်းတင်ပြခဲ့သည်။

သို့ဖြစ်၍ ၂၀၁၈ ခုနှစ်ကတည်းက လျာထားသတ်မှတ်ခဲ့သည့် မြေနေရာတွင် မကွေးတိုင်းဒေသကြီး မြေလတ်ဒေသရှိ လူငယ်မျိုးဆက်သစ်အားကစားသမားများကို ပြုစုပျိုးထောင်၊ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN