မိုးကောင်းအားကစားကွင်း ပြုပြင်တိုးချဲ့ရေး ကျပ် ၁,၁၀၄ သန်း လျာထားတင်ပြမည်(လွှတ်တော်) စက်တင်ဘာ ၂၃ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၏ ပျက်စီးနေသည့် အောက်ခင်းကြမ်းပြင် ပြုပြင်ခြင်းနှင့် ဘောလုံးကွင်းအတွင်း ရိုးရိုးတန်းပွဲကြည့်စင် ထပ်မံတည်ဆောက်ခြင်းတို့အတွက် ခန့်မှန်းကုန်ကျငွေ စုစုပေါင်း ကျပ် ၁,၁၀၄ သန်းကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားနိုင်ရေး တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။မိုးလုံလေလုံအားကစားခန်းမ အောက်ခင်းကြမ်းပြင် ပြုပြင်ရန် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၄၀ သန်းနှင့် အထူးတန်းပွဲကြည့်စင်၏ ဘယ်ဘက်တွင် အလျား ၈၀ ပေ၊ အနံ ၃၀ ပေရှိ ရိုးရိုးတန်းပွဲကြည့်စင်တစ်ခု တည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၆၄ သန်း လိုအပ်မည်ဖြစ်သဖြင့် စုစုပေါင်း ကျပ် ၁,၁၀၄ သန်း ဖြစ်ကြောင်း သိရသည်။အဆိုပါလုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရထံ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။ခွင့်ပြုချက် ရရှိပါက လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။အားကစားသည် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက စည်းကမ်းပြည့်ဝမှု၊ ဇွဲရှိမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို ပျိုးထောင်ပေးသည့် အရာတစ်ခုဖြစ်ပြီး အားကစားကဏ္ဍသည် ပြည်သူလူထုတစ်ရပ်လုံး၏ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကဏ္ဍဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။ထို့ကြောင့် အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်သူများနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေပြီး “မျိုးဂုဏ်ဝင့်ကြွား မြန်မာ့အားကစား” ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်ပေးရေး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးတို့အတွက် အားကစားကွင်း၊ အားကစားခန်းမ၊ ပွဲကြည့်စင်နှင့် ရေကူးကန်များကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။မိုးကောင်းမြို့နယ် အားကစားကွင်းအတွင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ မိုးလုံလေလုံအားကစားခန်းမကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၆၆.၃ သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် မိုးကောင်းမြို့နယ် အားကစားကွင်း၏ အနောက်ဘက်တွင် အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေရှိ အထူးတန်းပွဲကြည့်စင်တစ်ခုကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ ကျပ် ၈၈.၂ သန်းဖြင့် တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။အဆိုပါမေးခွန်းကို မိုးကောင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။ဦးထွန်းထွန်းအောင်က မိုးကောင်းမြို့နယ်တွင် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၃၆ ခုနှင့် လူဦးရေ ၁၅၂,၀၀၀ ခန့်ရှိပြီး အားကစားကို စိတ်ဝင်စားသည့် မြို့နယ်သူမြို့နယ်သားများဖြစ်ကြောင်း တင်ပြခဲ့သည်။မိုးကောင်းမြို့ပေါ်တွင် ပွဲကြည့်စင်ပါဝင်သည့် ဘောလုံးကွင်းကြီး၊ မိုးလုံလေလုံအားကစားရုံနှင့် မြို့နယ်အားကစားဌာနရုံး၊ ဝန်ထမ်းနေအိမ်များ ပါဝင်သည့် ပြည်သူ့အားကစားကွင်းရှိကြောင်း ၎င်းက ပြောသည်။အဆိုပါအားကစားကွင်းတွင် နေ့စဉ်လိုလို ဘောလုံးကစားသူများ၊ မိုးလုံလေလုံအားကစားရုံအတွင်း ဂျွမ်းဘားအက လေ့ကျင့်သူများ၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ကစားသူများဖြင့် စည်ကားလျက်ရှိကြောင်းလည်း တင်ပြခဲ့သည်။သို့သော် မိုးလုံလေလုံအားကစားရုံ၏ အောက်ခင်းသစ်သားကြမ်းပြင်မှာ တည်ဆောက်စဉ်ကာလက အသားကောင်းသစ်သား အသုံးမပြုခဲ့သည့်အပြင် နှစ်စဉ်မိုးရာသီတိုင်း ရေဝင်ရေမြုပ်ခြင်းကြောင့် ဆွေးမြည့်ပျက်စီးနေပြီး အားကစားလုပ်သူများအနေဖြင့် ကြမ်းပြင်မကျွံစေရန် သတိထားကစားနေရကြောင်း ဦးထွန်းထွန်းအောင်က ပြောသည်။ထို့ကြောင့် မိုးလုံလေလုံအားကစားရုံ၏ ပျက်စီးနေသည့် အောက်ခင်းကြမ်းပြင်ကို သင့်လျော်သလို ပြန်လည်ပြုပြင်ပေးရန် တင်ပြခဲ့သည်။ထို့အပြင် မြို့နယ်ဘောလုံးကွင်းအတွင်းရှိ လက်ရှိပွဲကြည့်စင်မှာ ဘောလုံးပွဲကျင်းပချိန်များတွင် ပရိသတ်များပြားသဖြင့် ထိုင်ခုံနေရာ လုံလောက်မှုမရှိကြောင်း၊ အများစုမှာ ဘောလုံးကွင်းကို ကာရံထားသည့် သံဇကာခြံအနီးမှီ၍ ပွဲကြည့်နေရသဖြင့် သံဇကာခြံများ ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက တင်ပြသည်။ထို့ကြောင့် သင့်လျော်သည့် ဘောလုံးပွဲကြည့်စင်တစ်ခု ထပ်မံတည်ဆောက်ပေးရန်နှင့် မိုးကောင်းမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ၏ ပျက်စီးနေသည့် အောက်ခင်းကြမ်းပြင်ကို ပြန်လည်ပြုပြင်ပေးနိုင်ရေး အစီအစဉ်ရှိ၊ မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို ဦးထွန်းထွန်းအောင်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN