မိုးညှင်း-ညောင်ကိုင်း-ကာဒူလမ်း နန့်ရင်းချောင်းကူးတံတားကို လတ်တလော သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်ရန် အစီအစဉ်မရှိသေ

(လွှတ်တော်) စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ မိုးညှင်း-ကာဒူ-ညောင်ကိုင်းလမ်းပေါ်မှ နန့်ရင်းချောင်းကူးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန် လတ်တလော အစီအစဉ်မရှိသေးကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။

မိုးညှင်းမှ ကာဒူ-ညောင်ကိုင်းလမ်းသည် အရှည် ၈ မိုင် ၄ ဖာလုံရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်နယ်အဆင့် စီမံခန့်ခွဲသည့် Class (A) အဆင့်လမ်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

မိုးညှင်းမြို့မှ ၅ မိုင်ခန့်အကွာရှိ ညောင်ကိုင်းကျေးရွာသို့ ရွှေဘို-မြစ်ကြီးနား ကတ္တရာလမ်းမကြီးမှတစ်ဆင့်လည်းကောင်း၊ ကာဒူကျေးရွာသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ကွန်ကရစ်လမ်းမှတစ်ဆင့်လည်းကောင်း ရာသီမရွေး သွားလာနိုင်ကြောင်း ၎င်းက ရှင်းလင်းသည်။

လွှတ်တော်တွင် တင်ပြခဲ့သည့် မြေပုံနှင့် မှတ်တမ်းဓာတ်ပုံများမှာ မိုးညှင်းမြို့နယ် မိုးညှင်း-ကာဒူ-ညောင်ကိုင်းလမ်းပေါ်ရှိ တံတား၏ အခြေအနေကို ဖော်ပြထားခြင်းဖြစ်ပြီး အဆိုပါတံတားကို ဆွစ်ဇာလန်နိုင်ငံမှ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတံတားမှာ အရှည် ၂၁၀ ပေ၊ အကျယ် ၅ ပေရှိသည့် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး မိုးရာသီမှအပ ကျန်ရာသီများတွင် ချောင်းအတွင်းမှ ယာဉ်များ ဖြတ်သန်းသွားလာနိုင်သည့်အပြင် တံတားပေါ်မှ ဆိုင်ကယ်နှင့် လူများလည်း ရာသီမရွေး သွားလာနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ လမ်းများနှင့် တံတားများကို အဆင့်မြှင့်တင်ရာတွင် ရာသီမရွေး သွားလာနိုင်မှု၊ ဆက်သွယ်ရေးပြတ်တောက်မှု ရှိ၊ မရှိနှင့် အကျိုးပြုမည့် ဒေသ၊ လူဦးရေ စသည့်အချက်များကို ဦးစားပေးစဉ်းစားဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

ညောင်ကိုင်းနှင့် ကာဒူကျေးရွာတို့မှာ ရာသီမရွေး သွားလာနိုင်သည့် အခြေအနေရှိပြီး ဆက်သွယ်ရေးအရလည်း ပြတ်တောက်မှုမရှိကြောင်း၊ ကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၄၆၅ အိမ်နှင့် လူဦးရေ ၂,၄၀၀ ဦးကို အကျိုးပြုသည့်အပြင် စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက်လည်း အသုံးဝင်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

အဆိုပါဒေသတွင် အလယ်တန်းကျောင်း ၂ ကျောင်းရှိပြီး ကျန်းမာရေးအတွက်လည်း မိုးညှင်းမြို့နှင့် ၅ မိုင်သာ ကွာဝေးသဖြင့် ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းမကြီးများမှတစ်ဆင့် အချိန်မီ သွားလာနိုင်ကြောင်း သိရသည်။

လမ်းကွန်ရက်ချိတ်ဆက်မှုအရ ကျေးရွာတစ်ရွာတွင် လမ်း ၂ လမ်းရှိပါက အဓိကနှင့် အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်၍ ဆောင်ရွက်ပေးလျက်ရှိသဖြင့် အဆိုပါလမ်းနှင့် တံတားသည် ဒုတိယဦးစားပေးအဆင့် လမ်းပေါ်တွင် တည်ရှိနေကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် အဆိုပါ တံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ဦးသိုက်စိုးက ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါမေးခွန်းကို မိုးညှင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။ဦးစိုးဝင်းက ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈ အုပ်စု၊ ကျေးရွာပေါင်း ၁၂၄ ရွာရှိပြီး မြို့နယ်လူဦးရေ ၈၉,၀၀၀ ကျော်၊ ကျေးလက်လူဦးရေ ၁၄၀,၀၀၀ ကျော်ရှိကြောင်း တင်ပြခဲ့သည်။

ကျေးလက်နေပြည်သူအများစုမှာ စပါးနှင့် အခြားသီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြသူများဖြစ်ပြီး မိုးညှင်းမြို့နယ်သည် ပြည်နယ်၏ စပါးကျီမြို့ဖြစ်သည့်အတွက် စိုက်ပျိုးထုတ်ကုန်များကို ဈေးကွက်ရှိရာဒေသများသို့ သယ်ယူရောင်းဝယ်ရာတွင် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများကို အဓိကအသုံးပြုနေရကြောင်း ၎င်းက ပြောသည်။

အချို့လမ်းများနှင့် တံတားများမှာ အချိန်ကြာမြင့်လာသည့်အတွက် ပျက်စီးနေသည့်အပြင် အသစ်တည်ဆောက်ရန်လည်း လိုအပ်နေကြောင်း၊ မိုးညှင်း-ညောင်ကိုင်း-ကာဒူသို့ သွားလာရာတွင် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းနေသည့် နန့်ရင်းချောင်း၏ နှစ်စဉ်မိုးရာသီ ရေကြီးရေလျှံမှုများကြောင့် ဒေသခံတောင်သူလယ်သမားများအတွက် တံတားအသစ်တစ်စင်း တည်ဆောက်ပေးရန် လိုအပ်နေကြောင်း ဦးစိုးဝင်းက တင်ပြခဲ့သည်။

လက်ရှိ နန့်ရင်းချောင်းပေါ်တွင် အရှည် ၁၂၀ ပေ၊ အကျယ် ၅ ပေရှိသည့် စတီးသံမဏိဆိုင်းနှင့် စတီးအခင်းများဖြင့် တည်ဆောက်ထားသော တံတားတစ်စင်းရှိကြောင်း၊ အဆိုပါတံတားကို ၂၀၀၉ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသား မစ္စတာတိုနီက တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မစ္စတာတိုနီသည် ဝေးလံ၍ သွားလာရန်ခက်ခဲပြီး ချောင်းနှစ်ဖက်တွင် ကျေးရွာများတည်ရှိသည့် မြန်မာနိုင်ငံအစွန်အဖျားဒေသများတွင် အကျယ် ၂၀၀ ပေရှိသည့် ချောင်းများကို ဖြတ်ကူးနိုင်ရန် စတီးကြိုးတံတား ၃၀ ကို ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်များဖြင့် ကိုယ်တိုင်သယ်ယူပို့ဆောင်ကာ ကုန်ကျစရိတ်ခံ၍ အခမဲ့တည်ဆောက်လှူဒါန်းခဲ့ရာ အဆိုပါတံတားလည်း ပါဝင်ကြောင်း ဦးစိုးဝင်းက တင်ပြသည်။

တံတားအကျယ် ၅ ပေသာရှိသဖြင့် လူနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းနိုင်ပြီး လယ်ယာလုပ်ငန်းများအတွက် လိုအပ်သည့် မိုးတွင်းကာလ မစိုက်ပျိုးမီ သွင်းအားစုများ သယ်ယူပို့ဆောင်ခြင်းနှင့် ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများ ရှိနေကြောင်း ၎င်းက ပြောသည်။

မိုးရာသီကုန်ဆုံးချိန် နောက်ကျခြင်း သို့မဟုတ် မိုးရွာသွန်းမှုများ၍ ချောင်းရေကျချိန် နောက်ကျခြင်းတို့ ဖြစ်ပေါ်ပါက စပါးများ တင်ပို့နိုင်ရန် ချောင်းရေနည်းသည့်အချိန်ကို စောင့်ဆိုင်းရသဖြင့် သီးနှံပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်းလည်း တင်ပြခဲ့သည်။

နန့်ရင်းချောင်းကူးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ပါက လယ်ဧက ၁,၂၀၀ ခန့်တွင် စိုက်ပျိုးလုပ်ကိုင်နေသည့် ညောင်ကိုင်း၊ သာယာကုန်း၊ နန့်ပုတ်နှင့် ပင်ရက်လှကျေးရွာများမှ တောင်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ဆိုသည်။

ထို့ကြောင့် မိုးညှင်း-ညောင်ကိုင်း-ကာဒူလမ်းပိုင်းပေါ်တွင် လိုအပ်နေသည့် အရှည် ၁၂၀ ပေ၊ အကျယ် ၂၀ ပေရှိ သံကူကွန်ကရစ် နန့်ရင်းချောင်းကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို ဦးစိုးဝင်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN