တာချီလိတ် ရာဘာစက်ရုံအနံ့ဆိုးကြောင့် ဒေသခံများ အသက်ရှူကျပ်မှုနှင့် ကျန်းမာရေးထိခိုက်မှုများ ကြုံနေရ

(ပြည်တွင်း) စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ အေးရိပ်မြိုင်လမ်းအတွင်းရှိ ရာဘာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် စက်ရုံအနီးဝန်းကျင်သာမက မြို့တွင်း ရန်အောင်မြေရပ်ကွက်အထိ အနံ့အသက်များ ပျံ့နှံ့နေပြီး ဒေသခံများအနေဖြင့် ကျန်းမာရေးထိခိုက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ ရာဘာစက်ရုံမှ အနံ့ဆိုးများထွက်ရှိသည့်အတွက် ဒေသခံများမှာ ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ပိုမိုခံစားနေရကြောင်း ဒေသခံများနှင့် ရပ်ကွက်တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဝမ်လုံးကျေးရွာ ရာအိမ်မှူး ဦးအေးလွင်က ရာဘာစက်ရုံလုပ်ငန်းကို ဖျက်သိမ်းရန် သို့မဟုတ် ရွှေ့ပြောင်းရန် တောင်းဆိုခြင်းမဟုတ်ဘဲ စက်ရုံလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာက ကြီးကြပ်ဆောင်ရွက်ပေးရန်သာ တောင်းဆိုခြင်းဖြစ်ကြောင်း အရှေ့သံလွင်သို့ ပြောကြားထားသည်။

“သူများအကျိုးစီးပွား ဆုတ်ယုတ်စေချင်လို့ မဟုတ်ပါဘူး။ သူတို့လည်း စီးပွားရေးအကြီးကြီးလုပ်နေတာဖြစ်တဲ့အတွက် ဒါကြီးကို ဖျက်သိမ်းရမယ်၊ ရွှေ့ပြောင်းပေးရမယ်လို့ မဆိုလိုပါဘူး။ ဦးလေး တိုင်တယ်ဆိုတာကလည်း သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ ဆေးခန်းနဲ့ ဆေးရုံ ခဏခဏသွားရတယ်။ ဒီအိမ်နားက အဖွားဆို အသက် ၈၀ ရှိပြီ။ တစ်ခါတလေကျရင် အသက်ရှူကြပ်ပြီး အောက်စီဂျင်ပေးရတဲ့အဆင့်ထိ ရောက်တယ်” ဟု ဦးအေးလွင်က ပြောကြားထားသည်။

ထို့အပြင် အနံ့ဆိုးကြောင့် အသက်ကြီးရွယ်အိုအချို့မှာ အသက်ရှူမဝဖြစ်ပြီး အောက်စီဂျင်ပိုက်များဖြင့် အသက်ရှူနေရသည့် အခြေအနေများရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက အရှေ့သံလွင်သို့ ပြောကြားထားသည်။

ဒေသခံများ၏ ပြောကြားချက်အရ ရာဘာစက်ရုံမှ အနံ့ဆိုးထွက်ရှိမှုမှာ ညနေပိုင်းနှင့် ည ၇ နာရီခန့်အချိန်တွင် ပိုမိုဆိုးရွားပြီး ဖန်မင်ကျေးရွာအနီးရှိ မယ်ယန်း၊ မယ်ဟုတ်၊ ဝမ်လုံးကျေးရွာများအပြင် မြို့အဝင် ပါဆတ်နှင့် တစ်ခါတစ်ရံ ရန်အောင်မြေ (ပါလျံ ၂) ရပ်ကွက်အထိ အနံ့အသက်များ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေအနေကြောင့် ဒေသခံများအနေဖြင့် ရာဘာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကို ထိန်းချုပ်ပေးရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကြီးကြပ်၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN