မုဒုံတွင် ဘောလုံးပြိုင်ပွဲအတွင်း မိုးကြိုးပစ်ခံရ၍ Lion City FC ကစားသမား သေဆုံး

(မှုခင်း) စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ မုဒုံမြို့ မြို့မ(၁)ရပ်ကွက် ဒီဇယ်လမ်းရှိ မီတာ ၄၀၀ ဘောလုံးအားကစားကွင်းတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က တောင်ပေါ်သား FC အသင်းနှင့် Lion City FC အသင်းတို့ အလွတ်တမ်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် Lion City FC အသင်းမှ ကျောနံပါတ် ၉ ကစားသမား သန်းတိုးအောင် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားနေစဉ် ရုတ်တရက် လျှပ်စီးလက်ပြီး မိုးကြိုးပစ်ချခဲ့ရာ Lion City FC အသင်းမှ ဘောလုံးသမားတစ်ဦး မိုးကြိုးထိမှန်၍ လဲကျသွားခဲ့ကြောင်း ပွဲကြည့်ပရိသတ်တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ကွင်းဘေးတွင် တာဝန်ထမ်းဆောင်နေသည့် ကြက်ခြေနီနှစ်ဦးက အခင်းဖြစ်နေရာသို့ ချက်ချင်းရောက်ရှိလာပြီး အသက်ရှူအားကူခြင်းနှင့် နှလုံးနှိုးဆွခြင်း စသည့် ရှေးဦးပြုစုကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဘောလုံးပွဲတွင် တာဝန်ထမ်းဆောင်နေသည့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း အရေးပေါ်အခြေအနေတွင် ရင်ဘတ်ဖိခြင်း၊ နှလုံးနှိုးဆွခြင်းနှင့် အသက်ရှူအားကူခြင်းတို့ကို စနစ်တကျ မနားတမ်း ဆက်တိုက် ပြုလုပ်ပေးခဲ့ကြောင်း ပြောသည်။

ထို့နောက် ကွင်းအတွင်းရှိ တာဝန်ရှိသူများနှင့် ပွဲကြည့်ပရိသတ်များက ဝိုင်းဝန်းကူညီ၍ လူနာတင်ယာဉ်ပေါ်သို့ အမြန်ဆုံးတင်ဆောင်ကာ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ အချိန်မဆိုင်းဘဲ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း ပွဲကြည့်ပရိသတ်များက ပြောသည်။

မုဒုံမြို့နယ် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိချိန်တွင်လည်း တာဝန်ကျဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အရေးပေါ်အသက်ကယ်ကုသမှုများ ဆက်လက်ပြုလုပ်ပေးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် မိုးကြိုးဓာတ်အား ထိမှန်မှု ပြင်းထန်ခဲ့သည့်အတွက် အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း သန်းတိုးအောင်သည် ဆေးရုံသို့ ရောက်ရှိချိန်တွင် ကွယ်လွန်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

သေဆုံးသူ သန်းတိုးအောင်မှာ အသက် ၂၉ နှစ်ခန့်ရှိပြီး မော်လမြိုင်မြို့ စံပြအေးရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း Lion City FC အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မုဒုံမြို့ မြန်မာ့လူငယ် နာရေးကူညီမှုအသင်းယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Telegram – t.me/positiveanglenews

#PAN