(လွှတ်တော်) စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ နောင်မွန်းမြို့ ကဆန်ချောင်းအတွင်း ပျက်စီးသွားသည့် ကမ်းထိန်းနံရံများ ပြုပြင်ခြင်းနှင့် ဆောင်ရွက်ပြီးသည့် ကမ်းထိန်းနံရံနောက်ဘက်ရှိ တိုက်စားလွယ်သည့် ကမ်းပါးများကို အမြင့် ၁၀ ပေအထိ မြှင့်တင်ကာကွယ်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစ်ကြောင်းနှင့် မြစ်ကမ်းပါးပြောင်းလဲမှုအခြေအနေများကို ကွင်းဆင်းတိုင်းတာစစ်ဆေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။

ကဆန်ချောင်းသည် မေခမြစ်နှင့် မလိခမြစ်ကြားရှိ တောင်ကျချောင်းတစ်ခုဖြစ်ပြီး နောင်မွန်းမြို့အနီးမှ ဖြတ်သန်းစီးဆင်းကာ မချမ်းဘောမြို့၏ အောက်ဘက်တွင် မလိခမြစ်နှင့် ပေါင်းဆုံကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။
နွေရာသီနှင့် မိုးရာသီတွင် ကဆန်ချောင်းရေမျက်နှာပြင်ကွာဟချက်မှာ ပေ ၅၀ ခန့်ရှိပြီး သက်နုကျောက်ကမ်းပါးများဖြစ်သဖြင့် ကမ်းပါးတိုက်စားလေ့ရှိသည့် နေရာဖြစ်ကြောင်း သိရသည်။
သာမန်အခြေအနေတွင် ကမ်းပြိုကမ်းစားမှုများ မဖြစ်ပေါ်သော်လည်း ထူးကဲဒီရေတက်လာခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည့်အချိန်တွင် နောင်မွန်းမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်လာကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ကချင်ပြည်နယ်အတွင်း ကဆန်ချောင်းရေကြီးရေလျှံမှုသည် ၂၀၂၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နှစ်အလိုက်ရရှိသည့် ရန်ပုံငွေများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ရေးလုပ်ငန်းများအဖြစ် စုစုပေါင်း ကမ်းပါးအလျား ၇,၃၇၀ ပေကို ကာရံပေးခဲ့ပြီး မြေထိန်းနံရံများ၏ အမြင့်မှာ ၁၁ ပေရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
သို့သော် ကဆန်ချောင်းအတွင်း ထူးကဲရေကြီးမှုများကြောင့် ကမ်းထိန်းနံရံများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေရှည်တွင် ချောင်းပြုပြင်ထိန်းသိမ်းခြင်း၊ ချောင်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းများအပြင် ရေကာများနှင့် တွဲဖက်ဆောင်ရွက်နိုင်ရန် ကဆန်ချောင်းပြုပြင်ထိန်းသိမ်းခြင်း ပင်မအစီအမံ (Master Plan) ကို ၂၀၂၄ ခုနှစ်တွင် ရေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ Master Plan တွင် ကျောက်စီရေကာ ၅ ခု ထည့်သွင်းတည်ဆောက်ရန်နှင့် ကဆန်ချောင်းတစ်လျှောက် အလျား ၆,၀၈၀ ပေ၊ အကျယ် ၂၀၀ ပေရှိသည့်နေရာကို သောင်တူးဖော်ရှင်းလင်းရန် ပါဝင်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
နောင်မွန်းမြို့ ကဆန်ချောင်းရေတိုက်စားမှုကာကွယ်ရေး ပင်မအစီအမံပါ လုပ်ငန်းများနှင့် ယခင်ပျက်စီးနေသည့် ကမ်းထိန်းလုပ်ငန်းများကို ပြုပြင်ပြီး ကမ်းထိန်းနံရံများ၏ နောက်ကွယ်ရှိ တိုက်စားလွယ်သည့် ကမ်းပါးများကို အမြင့် ၁၀ ပေအထိ မြှင့်တင်ကာကွယ်ရန် ကဆန်ချောင်းရေနည်းချိန်တွင် မြစ်ကြောင်းနှင့် မြစ်ကမ်းပါးပြောင်းလဲမှု အခြေအနေများအားလုံးကို ကွင်းဆင်းတိုင်းတာစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရန်ပုံငွေများဖြင့် ကမ်းပါးအလျား ၇,၃၇၀ ပေ ကာကွယ်ပေးခဲ့ပြီး ထူးကဲရေကြီးမှုကြောင့် ကမ်းထိန်းနံရံများ ပျက်စီးခဲ့သည့်အတွက် အမှတ်(၅)ရပ်ကွက်တွင် အလျား ၅၈၀ ပေ ပြုပြင်ခြင်းနှင့် အလျား ၁,၃၃၀ ပေ Geobags ချထားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမှတ်(၁)ရပ်ကွက်တွင် အလျား ၄၅၀ ပေ ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွင့်ပြုခဲ့သော်လည်း နယ်မြေလုံခြုံရေးအခြေအနေအရ တည်ဆောက်ရေးပစ္စည်းများ သယ်ယူရန် ခက်ခဲသဖြင့် ခွင့်ပြုရန်ပုံငွေများကို ပြန်လည်အပ်နှံခဲ့ရကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
နှစ်စဉ်ဘဏ္ဍာရန်ပုံငွေရရှိမှုအခြေအနေအရ Master Plan ပါ လုပ်ငန်းများကို အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ပျက်စီးသွားသည့် ကမ်းထိန်းနံရံများ ပြုပြင်ခြင်းနှင့် ဆောင်ရွက်ပြီးသည့် ကမ်းထိန်းနံရံနောက်ဘက်ရှိ တိုက်စားလွယ်သည့် ကမ်းပါးများကို အမြင့် ၁၀ ပေအထိ မြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး အစီအမံတင်ပြလာပါက ကချင်ပြည်နယ်အစိုးရက ဘတ်ဂျက်ရန်ပုံငွေ ခွင့်ပြုမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားထားရှိသည်ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ကဆန်ချောင်းအတွင်း ပျက်စီးသွားသည့် ကမ်းထိန်းနံရံများ ပြုပြင်ခြင်းနှင့် ဆောင်ရွက်ပြီးသည့် ကမ်းထိန်းနံရံနောက်ဘက်ရှိ တိုက်စားလွယ်သည့် ကမ်းပါးများကို အမြင့် ၁၀ ပေအထိ မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစ်ကြောင်းနှင့် မြစ်ကမ်းပါးပြောင်းလဲမှုအခြေအနေများကို ကွင်းဆင်းတိုင်းတာစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်အချိန်တွင်လည်း ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးထွန်းလူက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နောင်မွန်းမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးရယ်ဒမ်းတန်က နောင်မွန်းမြို့ ကဆန်ချောင်းကမ်းပြိုကာကွယ်ရေးအတွက် မြေထိန်းနံရံများ ထပ်မံမြှင့်တင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဦးရယ်ဒမ်းတန်၏ မေးမြန်းချက်အရ နောင်မွန်းမြို့နယ်သည် ပန်နန်းဒင်အပါအဝင် မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၃ အုပ်စုနှင့် ကျေးရွာ ၄၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၈,၄၀၃ ဦးရှိကြောင်း သိရသည်။
နောင်မွန်းမြို့သည် ခါကာဘိုရာဇီတောင်ခြေမှ စီးဆင်းလာသော ကဆန်ချောင်း၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ချောင်းဘေးတစ်လျှောက်ရှိ မြို့နှင့်တစ်ဆက်တစ်စပ်တည်း တခြားလူနေကျေးရွာ ၁၂ ရွာတို့တွင် စုစုပေါင်းလူဦးရေ ၅,၆၉၈ ဦး မှီတင်းနေထိုင်ကြကြောင်း ဦးရယ်ဒမ်းတန်က ပြောသည်။
နေ့စဉ် တောင်ကျချောင်းရေတိုက်စားမှုကြောင့် ကဆန်ချောင်းကမ်းပါးမြေပြိုမှုအန္တရာယ်မှာ မြို့ဧရိယာအတွင်း ဆက်လက်ဖြစ်ပေါ်နေပြီး ယခုအခါ ဝန်ထမ်းအိမ်ရာများအနီးအထိ တိုက်စားမှုများရှိလာသဖြင့် မြို့ပေါ်ရှိလူထု၊ ဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများအနေဖြင့် နှစ်စဉ်မိုးတွင်းကာလများတွင် စိုးရိမ်မှုနှင့် မြေပြိုမှုအန္တရာယ်များကို ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
ကဆန်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှုဧရိယာမှာ ပေပေါင်း ၆,၉၀၀ ရှိပြီး နှစ်အလိုက် မြေထိန်းနံရံပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ဆောင်ရွက်ပြီးစီးခဲ့သည့် မြေထိန်းနံရံများမှာ အမြင့် ၁၁ ပေသာရှိကြောင်း သိရသည်။
နှစ်စဉ်ရာသီဥတုပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ကာ မူလကာရံထားသည့် အမြင့် ၁၁ ပေထက်ကျော်လွန်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဦးရယ်ဒမ်းတန်က ပြောသည်။
နှစ်စဉ်ရေတိုက်စားလျက်ရှိသည့် မြို့ပေါ်ရပ်ကွက်ဧရိယာ ၁,၃၃၀ ပေကိုလည်း ကွန်ကရစ်မြေထိန်းနံရံ၊ Steel Basket နှင့် သဲအိတ်များဖြင့် ကာရံခဲ့သော်လည်း ကြီးမားစွာ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။
အဆိုပါ မြေထိန်းနံရံများကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း လက်ရှိပြိုကျ ပျက်စီးလျက်ရှိသည့် ၁,၃၃၀ ပေကို ခိုင်မာကောင်းမွန်သည့် မြေထိန်းနံရံအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အရေးတကြီးလိုအပ်နေပြီး မူလပြိုကျပျက်စီးသည့် မြေဧရိယာ ၆,၉၀၀ ပေကိုလည်း နောက်ထပ်ရေကျော်ပျက်စီးမှုနှင့် ကမ်းပါးပြိုကျမှုဘေးအန္တရာယ်များမှ ကင်းဝေးစေရန် လက်ရှိဆောင်ရွက်ထားသည့် မြေထိန်းနံရံများ၏ အမြင့်ကို ၁၀ ပေအထိ ထပ်မံမြှင့်တင်ပေးရန် မြို့၊ ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဦးစားပေးအစီအစဉ်ဖြင့် ဆောလျင်စွာ ဆောင်ရွက်ပေးရန် ဦးရယ်ဒမ်းတန်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com
Telegram – t.me/positiveanglenews
#PAN