
(မှုခင်း) စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းပေါ်၌ ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်ရာမှ လမ်းဘေးတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အား နောက်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့၍ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၀ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိန်းမလိုင်းမှတ်တိုင်အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာ ရန်ကုန်-ပြည်ကားလမ်းအတိုင်း မြောက်မှ တောင်သို့ မြိုင်သာယာစံပြကျေးရွာနေ ဦးကျော်ဇောလင်း (၄၉) နှစ် မောင်းနှင်လာသည့် JLM-110 အမျိုးအစား ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းယာဘက်ဘေးတွင် ရပ်တန့်ထားသော ရွှေပြည်သာမြို့နယ်နေ ကိုမြင့်ဦး (၂၈) နှစ်၏ CANTER မော်တော်ယာဉ်အား နောက်မှ အရှိန်မထိန်းနိုင်ဘဲ မဆင်မခြင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးကျော်ဇောလင်းတွင် ပြင်းထန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ကျော်ဇောလင်း အား မှော်ဘီမြို့မရဲစခန်း၌ ယာဉ်(ပ)၂၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ တို့ဖြင့် အမှုဖွင့်လှစ်ကာ သက်ဆိုင်ရာက ဥပဒေအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။