
(ပြည်တွင်း) စက်တင်ဘာ ၂၂
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ လုပ်ငန်းများ ယာယီရပ်နားထားခဲ့ရသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ပင်စင်လစာများကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖလမ်းမြို့အား တပ်မတော်က ၂၀၂၆ ခုနှစ် ဧပြီလတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဇူလိုင် ၆ ရက်နေ့မှစ၍ မြန်မာ့စီးပွားရေးဘဏ်အား ပြန်လည်ဖွင့်လှစ် ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပင်စင်ထုတ်ပေးရာတွင် မြို့ပြ၊ နိုင်ငံရေး၊ ကာကွယ်ရေး၊ ရဲနှင့် ဘဏ်ပင်စင်များကို ထုတ်ပေးနေခြင်းဖြစ်ပြီး နေရပ်စွန့်ခွာခဲ့ရသဖြင့် ပင်စင်မထုတ်ယူခဲ့ရသူများအနေဖြင့် လစဉ် ၁ ရက်မှ ၁၈ ရက်အတွင်း လူကိုယ်တိုင် လာရောက်ကာ ပင်စင်ထုတ်ယူခွင့် ပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ ပင်စင်ထုတ်ပေးနေမှုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်၊ ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ချင်းပြည်နယ်၏ ပထမဆုံး လေကြောင်းဝင်ပေါက်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်သို့ သွားရောက်ကာ ပင်မအဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင်၊ ဝန်ထမ်းအိမ်ရာများနှင့် လေယာဉ်ပြေးလမ်း ပျက်စီး ဆုံးရှုံးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။