တနင်္သာရီနှင့် မန္တလေးတိုင်း၌ လိုင်စင်မဲ့ယာဉ် ၂ စီး ဖမ်းမိ

(မှုခင်း) စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အထက်ရေပုန်းရပ်ကွက်၊ ဗန္ဓုလလမ်း၌ အမှတ်(၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးမှုများ ဆောင်ရွက်နေစဥ် ဗန္ဓုလလမ်းအတိုင်း ဦးမျိုးကျော်မြင့်(၅၂)နှစ်မောင်းနှင်လာသည့် YGN-36 5D/XXXX HONDA CRV ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်း အသက် ၅၂ နှစ်အရွယ် ဦးမျိုးကျော်မြင့်အား မြိတ်မြို့မရဲစခန်းတွင် (ပ)၁၄၉/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ လမ်း ၉၀၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၌ အမှတ်(၆)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ် MDY-12 7J/XXXX TOYOTA CROWN ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထားများ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယာဉ်မောင်း အသက် ၂၉ နှစ်အရွယ် ကိုဟန်သူထွန်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ အသက် ၁၈ နှစ်အရွယ် မောင်အောင်ပြည့်စုံ(ခ)ပေါက်စတို့အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆)နယ်မြေရဲစခန်းတွင် (ပ)၅၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN