စမ်းချောင်းတွင် ကျောင်းသား ၂ ဦးကို ဓားဖြင့်ထိုးသည့် လူငယ်အုပ်စုအား ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းးဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ် မုန့်ဈေးတန်းရှေ့တွင် ကျောင်းသား ၂ ဦးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၁ဦး စုစုပေါင်း ၈ ဦးကို စက်တင်ဘာ ၂၁ရက်နေ့က ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့ညနေပိုင်းအချိန်က ဓားဖြင့်အထိုးခံရသူ အာကာကျော်က ၎င်းနှင့် သိကျွမ်းသူ ရွှေရည်ဝတီ (ခ) သဒ္ဒါအား Telegram မှတစ်ဆင့် နောက်ပြောင်ပြောဆိုခဲ့ခြင်းကို ရွှေရည်ဝတီ၏ ချစ်သူဖြစ်သူ သူရိန်ထွန်းက မကျေနပ်သဖြင့် လူငယ်အုပ်စုကို စုစည်းခေါ်ဆောင်လာကြောင်း၊ ထို့နောက် ရွှေရည်ဝတီက အဆိုပါကျောင်းသား ၂ ဦးရှိသည့်နေရာသို့ ဖုန်းဆက်၍ ချိန်းဆိုခဲ့ပြီး သူရိန်ထွန်းနှင့်အဖွဲ့က လာရောက်ကာ ကျောင်းသား ၂ ဦးကို ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ဦးခေါင်းကို ရိုက်ခြင်းနှင့် ဝိုင်းဝန်းထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား ၂ ဦးမှာ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်သာလမ်းရှိ Info Myanmar College (IMC) မှ ကျောင်းသားများဖြစ်ပြီး ဓားထိုးခံရသည့် ကျောင်းသားမှာ အဆုတ်ကို ဓားဖြင့် ၂ ချက် ထိုးခံရသဖြင့် အသက်ရှူရန်ခက်ခဲကာ သတိလစ်မေ့မျောသွားခဲ့ပြီး ကျန်ကျောင်းသား ၁ဦးမှာ လမ်းဘေးပလက်ဖောင်းပေါ်တွင် ဒဏ်ရာများဖြင့် လဲကျကာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ၎င်းတို့ ၂ဥိးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သော ရွှေရည်ဝတီ (ခ) သဒ္ဒါ၊ အသက် ၁၈ နှစ်၊ သူရိန်ထွန်း၊ အသက် ၁၈ နှစ်၊ ဇင်ကို၊ အသက် ၁၈ နှစ်၊ နိုင်မင်းခန့်၊ အသက် ၁၇ နှစ်၊ အောင်အောင်ဦး၊ အသက် ၂၁ နှစ်၊ အောင်မြတ်သူ၊ အသက် ၁၄ နှစ်၊ မင်းထက်ကျော်၊ အသက် ၁၇ နှစ်နှင့် ပြည့်စုံအောင်၊ အသက် ၁၆ နှစ် တို့ကို ဖမ်းဆီးရမိခဲ့ပြီး အသေးလေးဆိုသူ ၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။