
(မှုခင်း) စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် တရားမဝင် အကောက်ခွန်မဲ့ လက်ကိုင်ဖုန်းများ သယ်ဆောင်လာသူ ၂ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၉ ရက်၊ ညပိုင်းက ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ Welcome to Kalaw ဆိုင်းဘုတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များအား လုံခြုံရေးပူးပေါင်းအဖွဲ့သည် စစ်ဆေးနေစဉ် ကလောဘက်မှ နမ့်ပန်တက်ဘက်သို့ မောင်းနှင်လာသည့် Myanmar Station Wagon အမျိုးအစား အနက်ရောင်ကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာ မန္တလေးမြို့နေ ထွန်းထွန်းအောင်နှင့် ဘေးတွင် လိုက်ပါစီးနင်းလာသူမှာ လားရှိုးမြို့နေ ဝေယံထွန်း ဆိုသူတို့ဖြစ်ကြောင်း သိရပြီး ယာဉ်၏ ကြမ်းခင်းအောက်တွင် သိုဝှက်သယ်ဆောင် လာသည့် OPPO A6X အမျိုးအစား လက်ကိုင်ဖုန်း ၁၅၉ လုံးနှင့် OPPO A6 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ စုစုပေါင်း လက်ကိုင်ဖုန်း အလုံးရေ ၁၆၀၊ တန်ဖိုးငွေကျပ် ၁၁၂၁ သိန်းအား တရားမဝင် တင်ဆောင် လာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများအား သယ်ဆောင်လာသူ ယာဉ်မောင်း ထွန်းထွန်းအောင်နှင့် ဝေယံထွန်းတို့ နှစ်ဦးအား ကလောမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။