(မှုခင်း) စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ငွေကျပ် ၁,၆၂၅.၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ ည၇နာရီ၁၅မိနစ် အချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ ဈေးတန်းလမ်းနေ စိုင်းရွှေအောင်(ခ)စိုင်းလုံ ၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည်(ခ)အေးအောင် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၉၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၃၀၇.၂၅ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၉၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂၅ သိန်း)၊ Happy Water ပြုလုပ်ရာတွင်အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၂.၆ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ စိုင်းရွှေအောင်(ခ)စိုင်းလုံ(၆၄)နှစ် နှင့် မနန်းအုန်းကြည်(ခ)အေးအောင်(၆၀)နှစ်တို့အား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN