(စီးပွားရေး) စက်တင်ဘာ ၂၁
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော် MICC-I ၌ ကျင်းပသည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လယ်ယာထွက်ကုန်များကို ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်းစားသုံးမှုအထိ ချိတ်ဆက်ရန်လိုကြောင်း သမ္မတက ပြောသည်။
ထို့အပြင် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖော်ဆောင်ရန် လိုအပ်ကြောင်း မှာကြားသည်။မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုနှင့် ကျေးလက်ဝင်ငွေ တိုးတက်ရေးကို အလေးထားရန် လိုအပ်ကြောင်း ဆိုသည်။
မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းရန်လည်း မှာကြားသည်။“မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာသုံးစက်ကိရိယာများ အသုံးပြုမှုမြှင့်တင်ရန်လည်း လိုအပ်ကြောင်း သမ္မတက ပြောသည်။
ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချပြီး ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်လည်း လိုအပ်ကြောင်း ဆိုသည်။
လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချသင့်ကြောင်း ၎င်းက ပြောသည်။
ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်းတို့ ပြုလုပ်ရန်လိုကြောင်း သိရသည်။
ထို့အပြင် ပြုပြင်ထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် မှာကြားသည်။
ဝါကို ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ ထုတ်လုပ်နိုင်ရေး အလေးထားရန်လည်း ပြောသည်။
ဝါးကိုလည်း စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရန် လိုအပ်ကြောင်း ဆိုသည်။
မွေးမြူရေးကဏ္ဍတွင်လည်း ထုတ်လုပ်မှုစနစ် တိုးတက်ရန် လိုအပ်ကြောင်း သိရသည်။
ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးမွေးမြူရေးလုပ်ငန်းများတွင် အစာစရိတ်နှင့် နည်းပညာပိုင်းကို အလေးထားရန် မှာကြားသည်။
မျိုးကောင်းမျိုးသန့် အသုံးပြုရေးနှင့် ဈေးကွက်ချိတ်ဆက်မှု တိုးတက်ရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။
ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရန်လည်း လိုအပ်ကြောင်း သမ္မတက ပြောသည်။
ယင်းလုပ်ငန်းများ ဖွံ့ဖြိုးလာပါက ဒေသတွင်းအလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက်နိုင်ကြောင်း ၎င်းက ဆိုသည်။
ဒေသတွင်း စီးပွားရေးလည်ပတ်မှုလည်း တိုးတက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ရန် မှာကြားသည်။
Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence နည်းပညာများကိုလည်း လက်တွေ့အသုံးချရန် လိုအပ်ကြောင်း ပြောသည်။
ယင်းနည်းပညာများကို မြေယာ၊ ရေ၊ ရာသီဥတု၊ သီးနှံနှင့် ဈေးကွက်အချက်အလက်များအပေါ် အခြေခံအသုံးချရန် လိုအပ်ကြောင်း သိရသည်။
အစိုးရ၊ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများလည်း ပါဝင်ရန် လိုအပ်ကြောင်း ပြောသည်။
တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာစေရန် ဆွေးနွေးကြရန် သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

Telegram – t.me/positiveanglenews
#PAN