
(မှုခင်း) စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာရာနေရာများ၌ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းယူ ဖော်ထုတ်ခဲ့ရာ ၆ လတာကာလအတွင်း ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူ တရားခံ ၁၈၆ ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ ၆ လတာကာလအတွင်း သတင်းရယူ စုံစမ်းခြင်း၊ အသွင်ယူ စောင့်ကြည့်ခြင်းများ ပြုလုပ်၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ခါးပိုက်နှိုက်မှု ကျူးလွန်သူ တရားခံ အမျိုးသား ၁၆၅ ဦး၊ အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၈၆ ဦးတို့အား သက်သေခံ လက်ကိုင်ဖုန်းမျိုးစုံ ၂၃၅ လုံး၊ သက်သေခံ ငွေကျပ် ၆,၈၈၅,၇၀၀ တို့နှင့်အတူ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်းနှင့် ပြည်နယ်များအတွင်း မှုခင်းကျဆင်းရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ မှုခင်း အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း စစ်ဆေးခြင်း အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့/ညမပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။