(စီးပွားရေး) စက်တင်ဘာ ၁၇
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းအသုံးပြုခကို ကြိုတင်ငွေဖြည့်သွင်းပြီး အလိုအလျောက်ကောက်ခံသည့် **TollPass RFID စနစ်**ကို အသုံးပြုလိုသူများအတွက် RFID စတစ်ကာများကို စက်တင်ဘာ ၁၇ ရက်မှစတင်၍ နေ့စဉ်ပိတ်ရက်မရှိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ရောင်းချတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကနဦးဝန်ဆောင်မှုပေးမည့်နေရာများမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ **(၀ မိုင် ၇ ဖာလုံ) အမှတ် (၃) တိုးဂိတ်၊ (၂၀၁ မိုင် ၃ ဖာလုံ) စီလမ်းဆုံတိုးဂိတ်နှင့် (၃၅၂ မိုင် ၄ ဖာလုံ) စကားအင်းတိုးဂိတ်**တို့ရှိ TollPass Counter များဖြစ်သည်။
TollPass RFID စနစ် တပ်ဆင်အသုံးပြုလိုသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် **Smart Phone၊ တပ်ဆင်မည့်ယာဉ်နှင့် ကညန ယာဉ်မှတ်ပုံတင် (ဝှီးတက်) Vehicle Registration Card (Wheel Tax)** တို့ကို ယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။
TollPass မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွင် Smart Phone ဖြင့် မှတ်ပုံတင်၍ Application ထည့်သွင်းခြင်း၊ ယာဉ်အချက်အလက်များ မှတ်တမ်းတင်ခြင်း၊ ယာဉ်တွင် RFID Sticker ကပ်ခြင်း၊ TollPass Unit (TPU) ၅,၀၀၀ နှင့်အထက် ကြိုတင်ဖြည့်သွင်းခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။
TPU ကြိုတင်ဖြည့်သွင်းရာတွင် အနည်းဆုံး **၅,၀၀၀ ကျပ်** ဖြည့်သွင်းရမည်ဖြစ်ပြီး RFID Sticker နှင့် တစ်နှစ်စာဝန်ဆောင်ခအတွက် **၂၀,၀၀၀ ကျပ်** ပေးဆောင်ရမည်ဖြစ်ကာ ကတ်အသစ်တပ်ဆင်တိုင်း ယင်းဝန်ဆောင်ခကို ပေးဆောင်ရမည်ဖြစ်သည်။
TollPass စနစ်တပ်ဆင်ပြီးပါက ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ဝင်ရောက်ရာတွင် Toll Gate များရှိ **TollPass သီးသန့်ယာဉ်ကြောမှ အမြင့်ဆုံး တစ်နာရီ ၂၀ ကီလိုမီတာနှုန်း**ဖြင့်သာ မောင်းနှင်ရမည်ဖြစ်သည်။
ယာဉ်ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မောင်းတံအလိုအလျောက်ပွင့်သွားမည်ဖြစ်သဖြင့် လမ်းအသုံးပြုခပေးရန် တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ဆက်လက်မောင်းနှင်နိုင်မည်ဖြစ်သည်။
TollPass ဖြင့် ဖြတ်သန်းရာတွင် လမ်းအသုံးပြုခကို တိုးဂိတ်နှစ်ခုအကြား အကွာအဝေးအလိုက် လမ်းဦးစီးဌာနက သတ်မှတ်ထားသည့် ယာဉ် Class အလိုက်နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်သည်။
ဥပမာအားဖြင့် ရန်ကုန်မှလာသည့် Class 1 ယာဉ်သည် **၀ မိုင် အမှတ် (၃) တိုးဂိတ်မှ ၁၁၅ မိုင် ဖြူးတိုးဂိတ်အထိ ဖြတ်သန်းပါက ၁,၅၀၀ TPU** သတ်မှတ်ဖြတ်တောက်ကောက်ခံသွားမည်ဖြစ်သည်။
TollPass အသုံးပြုသူများအနေဖြင့် မိမိပေးသွင်းထားသည့်ငွေသည် TollPass Unit (TPU) စနစ်သို့ ပြောင်းလဲပြီးဖြစ်သဖြင့် **ပြန်အမ်းငွေ ထုတ်ယူ၍မရနိုင်**ကြောင်းနှင့် TPU များ၏ သက်တမ်းမှာ RFID Sticker စတင်ထုတ်ပေးသည့်ရက်မှစ၍ **တစ်နှစ်တိတိ**ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက်တွင် စတင်ရောင်းချချိန်၌ ငွေပေးချေမှုများကို **ငွေသားဖြင့်သာ** လက်ခံသွားမည်ဖြစ်သော်လည်း မကြာမီတွင် **MMQR၊ KBZ Pay၊ AYA Pay နှင့် WAVE Pay** တို့ဖြင့် အွန်လိုင်းငွေပေးချေနိုင်မည်ဖြစ်သည်။TollPass RFID စနစ်သည် ယခင် Ez Go ETC စနစ်ကဲ့သို့ Onboard Unit (OBU) စက်များတပ်ဆင်ပြီး ကတ်များဖြင့် ကိုယ်တိုင်လာရောက်ငွေဖြည့်သွင်းရန် မလိုတော့ဘဲ အွန်လိုင်းငွေလွှဲစနစ်ဖြင့် TPU များကို Top Up ပြုလုပ်နိုင်မည်ဖြစ်သည်။
ထို့အပြင် ဖုန်း Application မှတစ်ဆင့် မိမိယာဉ်အတွက် **TPU လက်ကျန်၊ ဖြတ်သန်းခဲ့သည့် ခရီးစဉ်များနှင့် လမ်းအသုံးပြုခအဖြစ် TPU ဖြတ်တောက်မှုများကို အချိန်မရွေး စစ်ဆေးနိုင်**မည်ဖြစ်သဖြင့် ပိုမိုလွယ်ကူ၊ ကျစ်လျစ်ပြီး လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကြောင်း သိရသည်။
TollPass စနစ်ဖြင့် ရန်ကုန်မှ မန္တလေးအထိ အမြန်လမ်းတစ်လျှောက်ရှိ **တိုးဂိတ်ကြီး ၆ ဂိတ်**ကို လွယ်ကူစွာ ဖြတ်သန်းနိုင်ရေးအတွက် အချိန်တိုအတွင်း ကြိုးပမ်းတပ်ဆင်ထားရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စနစ်စတင်တပ်ဆင်အသုံးပြုသည့် ကာလများအတွင်း **Software Error နှင့် Barrier Error** များကြောင့် TollPass စနစ်အသုံးပြုသည့် ခရီးသွားပြည်သူများ အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက နားလည်ခွင့်လွှတ်ပေးရန်နှင့် အဆင်မပြေမှုများကို Hotline ဖုန်းနံပါတ်များသို့ ဆက်သွယ်အသိပေးကြရန်လည်း ပန်ကြားထားသည်။

Telegram – t.me/positiveanglenews
#PAN