
(မှုခင်း) စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်တွင် မိခင်နှင့်အတူနေထိုင်သည့် ပထမတန်းကျောင်းသူ ကလေးငယ်တစ်ဦးကို အခန်းချင်းကပ်လျက် နေထိုင်သည့် အမျိုးသမီးက ခေါ်ဆောင်သွားပြီး နားကပ်လုယူခဲ့သည့် ဖြစ်စဉ်တစ်ရပ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းဖော်ပြချက်အရ အဆိုပါအမျိုးသမီးသည် နေ့လယ် ၁ နာရီခန့်တွင် ကျောင်းပြန်တက်ချိန်၌ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ပြီး ကျောင်းအနီးရှိ ဗုဒ္ဓကျေးဇူးကျောင်းအတွင်း လူသူပြတ်လပ်သည့်နေရာသို့ ရောက်ရှိချိန်တွင် ကလေးငယ်ထံမှ နားကပ်လုယူရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ကလေးငယ်က ပြန်လည်ခုခံခဲ့သဖြင့် အဆိုပါအမျိုးသမီးက ရိုက်နှက်ခဲ့ပြီး ကလေးငယ် သတိလစ်မေ့မျောသွားချိန်တွင် ဆိုင်ကယ်တက္ကစီငှားကာ အခင်းဖြစ်နေရာမှ တစ်မိုင်ကျော်ခန့်ဝေးသည့် အမှတ်(၄)ရပ်ကွက်၊ ရွှေဘုန်းပွင့်၊ ၁၀ လမ်းရှိ လူသူပြတ်လပ်သည့်နေရာတွင် သွားရောက်စွန့်ပစ်ခဲ့ကြောင်း ဖော်ပြထားသည်။
ကလေးငယ် သတိပြန်ရရှိချိန်တွင် တွေ့ရှိသူတစ်ဦးက မြဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ထို့နောက် ကလေးငယ်၏ တန်ဖိုးငွေကျပ် ၅ သိန်းခန့်ရှိသည့် နားကပ်ကို ငွေကျပ် ၁ သိန်း ၉ သောင်းဖြင့် ရောင်းချကာ လောင်းကစားပြုလုပ်ရန် ပြင်ဆင်နေစဉ် မိုးမိုးခိုင်ဆိုသူ အမျိုးသမီးကို ဖမ်းဆီးရမိခဲ့ကြောင်း ကိုဘီဝမ်း၏ သတင်းဖော်ပြချက်တွင် ရေးသားထားသည်။
မြဝတီမြို့ရဲစခန်းက မိုးမိုးခိုင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃ နှင့် ၃၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များမှာ ဖော်ပြပါ သတင်းရင်းမြစ်အပေါ် အခြေခံထားခြင်းဖြစ်သည်။