သရက်ခရိုင် PDF တပ်ရင်း (၄) မှ အဖွဲ့ဝင် ၆ ဦး တပ်မတော်ထံ အလင်းဝင်ဟု ထုတ်ပြန်

(ပြည်တွင်း) စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် PDF တပ်ရင်း (၄) မှ အဖွဲ့ဝင် ၆ ဦး တပ်မတော်ထံ အလင်းဝင်သွားကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄) က စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ဝန်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ PDF တပ်ရင်း (၄) ၏ ထုတ်ပြန်ချက်တွင် တပ်ရင်းအတွင်း တာဝန်ထမ်းဆောင်နေစဉ် တပ်မတော်ထံသို့ ပူးပေါင်းသွားသူများအား အမည်ပျက်စာရင်းသွင်း၍ တော်လှန်ရေးအဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သိရှိနိုင်ရန် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဓာတ်ပုံများကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အလင်းဝင်သွားသူများမှာ ပိုင်လေး (ခ) ရန်ပိုင်စိုး၊ လရောင် (ခ) လမင်းသန့်၊ မိုက်ခီ (ခ) ဇင်မိုးအောင်၊ ကောင်းကင် (ခ) မိုးထက်ကျော်၊ ရဲထက် (ခ) မျိုးထက်နိုင်နှင့် ဂျိုကာ (ခ) သူထူးစံတို့ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ဖက်တွင် တပ်မတော်က PDF များအား အလင်းဝင်ရန် ဖိတ်ခေါ်ခဲ့သည့်ကာလမှစ၍ PDF နှင့် EAO အဖွဲ့များမှ လက်နက်ကိုင်အဖွဲ့ဝင် ၅,၆၀၀ ကျော်သည် NUG၊ PDF နှင့် EAO အဖွဲ့များ၏ ပြည်သူများအပေါ် အနိုင်ကျင့်မှု၊ သတ်ဖြတ်မှု၊ လုယက်မှု၊ ဆက်ကြေးကောက်ခံမှု၊ ပြန်ပေးဆွဲမှုများအပြင် သယံဇာတခိုးထုတ်မှုနှင့် မူးယစ်ဆေးဝါးဖြန့်ချိမှုများ စသည့် လုပ်ရပ်များကို ဆက်လက်သည်းခံနိုင်ခြင်းမရှိသဖြင့် အလင်းဝင်ခဲ့ကြောင်း အစိုးရဘက်က ထုတ်ပြန်ပြောဆိုထားသည်။

သရက်ခရိုင် PDF တပ်ရင်း (၄) က ယခုထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အလင်းဝင်သူ ၆ ဦး၏ ဖြစ်စဉ်နှင့် အလင်းဝင်ရောက်ရသည့် အကြောင်းရင်းများကို သီးခြားအသေးစိတ် ဖော်ပြထားခြင်း မရှိပေ။