ကျောက်တံတားမြို့နယ်ရှိ အထပ်မြင့်တိုက်၌ မီးလောင်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အထပ်မြင့်တိုက်တစ်ခုတွင် ယနေ့ (စက်တင်ဘာလ ၁၇ ရက်) နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက Level 1 ယာဉ်အုပ်စုဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ ၂၁ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ (၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် အနော်ရထားလမ်းထောင့်ရှိ အထပ်မြင့်တိုက်တစ်ခုတွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် Level 1 ယာဉ်အုပ်စုဖြင့် အချိန်နှင့်တစ်ပြေးညီ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီကျော်ခန့်တွင် မီးကို အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ထိခိုက်ဆုံးရှုံးမှု အခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။