(မှုခင်း) စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူတစ်ဦး သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် မအူပင်မြို့နယ်၊ ပန်းတောကျေးရွာတွင် နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူသည် တစ်ရွာတည်းနေ ဆရာမဖြစ်သူ၏ နေအိမ်သို့ ကျူရှင်တက်ရန် ထွက်ခွာသွားခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
ရှာဖွေမှုများပြုလုပ်ရာ ပန်းတောကျေးရွာလမ်းဘေးရှိ ဝါးရုံပင်အောက်တွင် မဆောင်းနှင်းဖြူအား လည်ပင်း၌ အဝတ်စဖြင့် ချည်နှောင်ထားလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖခင်ဖြစ်သူ ဦးဝင်းဖြိုးအောင်က ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်အရေးယူပေးရန် တာလပေါနယ်မြေရဲစခန်း၌ တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မအူပင်မြို့နယ်၊ ပန်းတောကျေးရွာ၌ နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် စန်းနိုင်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆေးချက်အရ စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် စန်းနိုင်သည် နေအိမ်ရှေ့ တာလမ်းပေါ်၌ ကျူရှင်မှ ပြန်လာသည့် မဆောင်းနှင်းဖြူအား တွေ့ရှိခဲ့ပြီး ဝတ်ဆင်ထားသည့် နားကွင်းကို ဖြုတ်ယူရန် ပြုလုပ်စဉ် မဆောင်းနှင်းဖြူက အော်ဟစ်ရုန်းကန်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းက မဆောင်းနှင်းဖြူ၏ နားနှစ်ဖက်ကို စုံကိုင်၍ လှည့်လိုက်စဉ် မဆောင်းနှင်းဖြူမှာ ဇက်လည်ကာ လဲကျသေဆုံးသွားခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ယင်းနောက် မဆောင်းနှင်းဖြူ၏ လည်ပင်းအား အဝတ်စဖြင့် ချည်နှောင်ကာ လမ်းဘေးရှိ ဝါးရုံပင်အောက်တွင် ထားရှိပြီး ဝတ်ဆင်ထားသည့် အလေးချိန် ၁ ပဲ ၃ ရွေးခန့်ရှိ ရွှေနားကွင်းတစ်ရန်ကို ဖြုတ်ယူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်သေခံပစ္စည်းဖြစ်သည့် ရွှေနားကွင်းကို စန်းနိုင်၏ နေအိမ်၌ သိမ်းဆည်းရမိထားပြီး ၎င်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

Telegram – t.me/positiveanglenews
#PAN