တာချီလိတ်မြို့၌ ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

စက်တင်ဘာ ၂၄ရက်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် တာချီလိတ်မြို့ တာလော့ရပ်ကွက် တာလော့ဈေးအနီး၌ မျိုးမြင့်ဦး(ခ) မျိုးမင်းဦး ၃၀နှစ်၊ (ဘ) ဦးဖြူထွေး ပုန်းထွန်ရပ်ကွက်နေသူအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးရှာဖွေခဲ့ရာ ၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ ကတ်တမင်းအဆီရည် ၂၈၁ ဒသမ ၆ မီလီ လီတာခန့် (ဒေသတန်ဖိုးငွေကျပ် ၈၈၄ ဒသမ ၈ သိန်း) ခန့်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ မျိုးမြင့်ဦး(ခ) မျိုးမင်းဦးအား စစ်ဆေးချက်အရ ကတ်တမင်းအဆီရည်များကို လှိုင်ဝင်းတင့်၊ ၃၇ နှစ်(ဘ) ဦးလှ အောင်၊ ပါဆပ်ရပ်ကွက် တာချီလိတ်မြို့နေသူထံမှ ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့များက မွန်းလွဲ ၁နာရီခွဲတွင် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ယာဉ်အမှတ်၊ 7L————-FORTUNER အမျိုးအစား၊ အနက်ရောင်ယာဉ်ဖြင့် တွေ့ရှိရသဖြင့် ထိန်းသိမ်းရှာဖွေစစ်ဆေးခဲ့ရာ ၎င်းနေအိမ်၌ မူးယစ်ဆေးဝါးများ ကျန်ရှိသေးကြောင်းထွက်ဆိုသဖြင့် နေ့လယ်ပိုင်းတွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းမှ အစိမ်းရောင်ပလတ်စတစ်ခြင်းဖြင့် ထည့်ထားသည့် Polly Polar စာတန်းပါ ပန်းရောင်သံဘူးအတွင်းမှ အိုက်စ် ၀ ဒသမ ၀၄ ကီလို ဂရမ်ခန့် ဒေသတန်ဖိုးငွေကျပ် ၃၂၀၀၀၀ ခန့်၊ ကတ်တမင်း ၀ ဒသမ ၀၀၅ ကီလိုဂရမ်ခန့် ဒေသ တန်ဖိုးငွေကျပ် ၄၂၅၀၀ ခန့် ပလတ်စတစ်အကြည်ဖြင့်ထည့်လျက် အဆင့်နိမ့်ဘိန်း ၀ ဒသမ ၀၁၆ ကီလိုဂရမ် ဒေသတန်ဖိုး ငွေကျပ် ၆၄၀၀ ခန့်၊ အစိမ်းရောင် ပလတ်စတစ်ခြင်းအတွင်းမှ ကတ်တမင်းအဆီရည် ၃ ဒသမ ၉၂ လီတာခန့် ဒေသတန်ဖိုးငွေကျပ် သိန်း ၁၁၇၆၀ ခန့်၊ ကတ်တမင်း အဆီ ၀ ဒသမ ၈ မီလီလီတာဆီပါ Pop ခေါင်း ၁၅ ခု ဒေသတန်ဖိုး ၃၆ သိန်းကျပ်ခန့် စုစုပေါင်း ကတ်တမင်းအဆီရည် ၃ ဒသမ ၉၃၂ လီတာ ကာလတန်ဖိုး ၁ ဒသမ ၁၇၉ ဘီလီယံခန့်နှင့် နေအိမ်အောက်ထပ် မီးဖိုခန်းအတွင်းမှ ဘိန်းစာရွက်တစ်ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုးငွေကျပ် ၄၀၀၀၀ ခန့်နှင့် ချောင်းဆိုးပျောက်ဆေးရည် သုံးလီတာခန့်၊ ဒေသတန်ဖိုး ငွေကျပ် ၁၅၀၀၀၀ တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN