ယာဉ်ကန့်သတ်မောင်းနှင်ရေး ကြေညာချက်ပယ်ဖျက်သော်လည်း စက်သုံးဆီဝယ်ယူမှု “စုံ”/“မ” ရက်စနစ် ဆက်လက်ကျင့်သုံးမည်

(စီးပွားရေး) စက်တင်ဘာ ၁၂

ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်နေမှုကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးအတွက် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသော ယာဉ်များနှင့် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ ကန့်သတ်မောင်းနှင်အသုံးပြုရန် ထုတ်ပြန်ခဲ့သည့် ပြည်သူသို့ အသိပေးကြေညာချက်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

သို့သော် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းစနစ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကျင့်သုံးလျက်ရှိသည့် “စုံ”/“မ” ရက်စနစ်နှင့် QR Code သတ်မှတ်ချက်များအတိုင်း ဆက်လက်ဝယ်ယူရန်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် အစီအမံများ ဆောင်ရွက်ထားရှိပြီးဖြစ်သည့်အပြင် စက်သုံးဆီများ တင်သွင်းဖြန့်ဖြူးခြင်းကိုလည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များ၌ “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသော ယာဉ်များနှင့် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များအား QR Code၊ Barcode စနစ်များဖြင့် “စုံ”/“မ” ရက်စနစ် သတ်မှတ်ချက်အတိုင်း အခက်အခဲမရှိဘဲ ပုံမှန်အခြေအနေအတိုင်း စက်သုံးဆီများ ရောင်းချလျက်ရှိကြောင်း သိရသည်။