ပြည်တွင်း လောင်စာဆီဈေးနှုန်းများ နှစ်ပတ်ဆက်တိုက် ငြိမ်သက်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချသည့် ဆီဆိုင်များအား ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်

(စီးပွားရေး) စက်တင်ဘာ ၁၁

ပြည်တွင်း လောင်စာဆီဈေးနှုန်းများသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကုန်ဆုံးမည့် ရက်သတ္တပတ်အတွက် Octane 92 တစ်လီတာလျှင် ကျပ် ၃,၇၁၀၊ Octane 95 တစ်လီတာလျှင် ကျပ် ၃,၈၁၅၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၄,၂၄၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၅,၁၄၀ တို့ဖြင့် ငြိမ်သက်လျက်ရှိရာ ယခုအပတ်သည် နှစ်ပတ်ဆက်တိုက် ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း လောင်စာဆီတင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ သိရသည်။

အရှေ့တောင်အာရှရှိ သန့်စင်ပြီး လောင်စာဆီထုတ်ကုန်များ၏ ဈေးနှုန်းသတ်မှတ်ရာတွင် Mean of Platts Singapore (MOPS) ၏ ဈေးနှုန်းအညွှန်းကိန်းသည် ပြည်တွင်းလောင်စာဆီ ဈေးနှုန်းများအပေါ် အဓိက သက်ရောက်မှုရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ စွမ်းအင်သုံးစွဲသူ ပြည်သူများအတွက် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် လောင်စာဆီ ဖူလုံစွာ ရရှိနိုင်ရေးအတွက် လောင်စာဆီကြီးကြပ်မှုကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ရေးဦးစီးဌာနတို့က ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကော်မတီအနေဖြင့် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများထက် ပိုမိုကောက်ခံ ရောင်းချခြင်း ရှိ၊ မရှိကိုလည်း ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။ သတ်မှတ်ဈေးထက် ကျော်လွန်၍ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါက ၂၀၁၇ ခုနှစ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ အဆိုပါ လက်လီရောင်းချသည့် စက်သုံးဆီဆိုင်များအား ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ သုံးစွဲနေသည့် လောင်စာဆီ၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်း၌ ထုတ်လုပ်နိုင်သဖြင့် ပြည်တွင်းဈေးနှုန်းများသည် နိုင်ငံတကာဈေးနှုန်းများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သို့သော် အစိုးရအနေဖြင့် တင်သွင်းသူ၊ ရောင်းချသူနှင့် သုံးစွဲသူများ နစ်နာမှုမရှိစေရန်နှင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ဈေးကွက်ကို ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အချို့သော အိမ်နီးချင်းနိုင်ငံများတွင် မြန်မာနိုင်ငံထက် အခွန်နှုန်းထား ပိုမိုကောက်ခံခြင်းကြောင့် ဆီဈေးနှုန်း ပိုမိုမြင့်မားလျက်ရှိသော်လည်း မလေးရှားနိုင်ငံကဲ့သို့ ရေနံကဏ္ဍတွင် အစိုးရမှ ထောက်ပံ့ကြေး (Subsidy) ပေးထားသည့် နိုင်ငံများ၌ မြန်မာနိုင်ငံထက် ၆၀ ရာခိုင်နှုန်းခန့် ပိုမိုသက်သာကြောင်းနှင့် နိုင်ငံအလိုက် လောင်စာဆီဈေးနှုန်း သတ်မှတ်မှု မူဝါဒပုံစံများ မတူညီကြကြောင်း လောင်စာဆီတင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။