ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ

(နိုင်ငံတကာ) စက်တင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် မြန်မာသံရုံး/စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်းသိရသည်။

ထို့အပြင် ကမ္ဘောဒီးယား ပြည်သူများကလည်း လေဆိပ်ရှိ လျှောက်လမ်းများတစ်လျှောက်၌ နှစ်နိုင်ငံ အလံများ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဓာတ်ပုံများနှင့် ပန်းစည်းများကို ကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။