(မှုခင်း) စက်တင်ဘာ ၁၀
ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ အင်းစိန်နှင့် သမိုင်းလမ်းမများပေါ်တွင် စက်တင်ဘာ ၉ ရက် ညဦးပိုင်းက အမည်မသိသူများက ကားတစ်စီးဖြင့် မစင်ထုပ်များ လိုက်လံပစ်ချသွားခဲ့သဖြင့် မြို့ခံများ စိတ်မသက်မသာဖြစ်နေကြရကြောင်း သိရသည်။

အဆိုပါ မစင်ထုပ်များကို လမ်းမများပေါ်တွင် ပစ်ချသွားခဲ့ခြင်းဖြစ်ပြီး လမ်းပေါ်တွင် ပေကျံနေသည့် မစင်များကို ပရဟိတအသင်းများက ရေကားများဖြင့် လိုက်လံဆေးကြောပေးခဲ့ကြောင်း သိရသည်။
အောက်ပုဇွန်တောင်လမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက “အခုချသွားတဲ့နေရာနားက မီးတိုင်တွေက မီးမလင်းဘူး။ အဲ့ဒါနဲ့ ချသွားတယ်။ အခုပရဟိတသမားတွေ လိုက်ဆေးပေးနေတယ်။ ကားတွေရဲ့ ဘီးတွေ၊ ဘေးတွေလည်း ပေကျံနေတာပဲ။ တော်တော်အခြေအနေဆိုးပါတယ်။ ဘာလို့အဲ့ဒီလိုလုပ်ကြတာလဲ။ မစင်နံ့တွေက အဆင်မပြေနေဘူး” ဟု ပြောသည်။
ပစ်ချသွားသည့် မစင်ထုပ်များကို ညဘက် လမ်းသွားလမ်းလာယာဉ်များက တက်ကြိတ်မိခြင်းကြောင့် မစင်များ လမ်းပေါ်တွင် ပေကျံသွားပြီး အနံ့အသက်ဆိုးများလည်း ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားကြောင်း သိရသည်။
“ဒီလောက်များတဲ့ အီအီးတွေ ဘယ်ကများရှာလာကြတာလဲကွယ်ရို့၊ ဒီလုပ်ရပ်က အရမ်းကို မိုက်ရိုင်းလွန်းတယ်” ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အများပြည်သူ သွားလာနေသည့် လမ်းမများပေါ်တွင် အညစ်အကြေးထုပ်များ စွန့်ပစ်သူများကို သက်ဆိုင်ရာက CCTV မှတ်တမ်းများမှတစ်ဆင့် ရှာဖွေဖော်ထုတ်၍ အရေးယူပေးရန် ပြည်သူများက လိုလားနေကြကြောင်း သိရသည်။
ထို့အပြင် မြို့ခံအချို့က ယခုကဲ့သို့ မစင်များ လမ်းမပေါ်တွင် ပစ်ချခြင်းသည် ဝမ်းရောဂါများ ပြန့်ပွားလာနိုင်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်သည် ဩဂုတ်လအတွင်း ဝမ်းရောဂါဖြစ်ပွားခဲ့သည့် မြို့နယ်များတွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။