(ပြည်တွင်း) စက်တင်ဘာ ၁၁
မန္တလေးမြို့ရှိ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် MAI လေကြောင်းလိုင်းမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းပြေးဆွဲနေသော နိုင်ငံတကာလေကြောင်းခရီးစဉ်များနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းသော နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း MAI က အသိပေးထားသည်။
ယင်းကာလအတွင်း MAI နှင့် Mingalar လေကြောင်းလိုင်းများမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းမည့် ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းလေကြောင်းခရီးစဉ်များအားလုံးကို အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) သို့ ပြောင်းလဲပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းခရီးစဉ်များနှင့် ပတ်သက်၍ ထိခိုက်မှုရှိသည့် ခရီးသည်များအနေဖြင့် အောက်ပါရွေးချယ်စရာများထဲမှ တစ်ခုကို ရွေးချယ်နိုင်ကြောင်း MAI က အသိပေးထားသည်။
လက်မှတ်ဖိုးအပြည့်အဝ ပြန်အမ်းငွေ ရယူခြင်း။ထိုင်ခုံနေရာရရှိနိုင်မှုအပေါ် မူတည်၍ တစ်ကြိမ် အခမဲ့လမ်းကြောင်းပြောင်းလဲခြင်း။များဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။
ခရီးသွားအေးဂျင့်များ သို့မဟုတ် OTA များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် အကူအညီရယူရန် မိမိတို့လက်မှတ်ဝယ်ယူခဲ့သည့် အေးဂျင့်များထံသို့ တိုက်ရိုက်ဆက်သွယ်ပေးပါရန် MAI က မေတ္တာရပ်ခံထားသည်။
ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် အထူးတောင်းပန်အပ်ပြီး နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ထပ်မံထုတ်ပြန်မည့် အချက်အလက်များကို MAI ၏ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN