


(ပြည်တွင်း) စက်တင်ဘာ ၉
ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်မှ Walk For Peace ဆရာတော် ဦးပညာကာရအား ကမ္ဘာ့ငြိမ်းချမ်းရေးဆု (Global Peace Award) နှင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate) ဆက်ကပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆရာတော်အနေဖြင့် အဆိုပါဆုနှင့် ဘွဲ့လက်ခံရန် မြန်မာနိုင်ငံသို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်၏ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆရာတော် ဦးပညာကာရ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် သာသနာပြုလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် လူသားအကျိုးပြုဆောင်ရွက်ချက်များကို ဂုဏ်ပြုအသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ ဆက်ကပ်ချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Walk For Peace ဆရာတော် ဦးပညာကာရနှင့်အတူ ပစ္ဆာသမဏ ဦးဓမ္မိကတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆရာတော်နှစ်ပါး မြန်မာနိုင်ငံသို့ ကြွရောက်နိုင်ရေးအတွက် ဝင်ခွင့်ဗီဇာ (VISA) ရရှိရေးလုပ်ငန်းများကို ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်နှင့် ဆရာတော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆရာတော်များ မြန်မာနိုင်ငံသို့ ကြွရောက်ချိန်တွင် မည်သူမဆို လာရောက်ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ထို့အပြင် ဆရာတော် ဦးပညာကာရ၏ သာသနာပြုလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများအတွက် အားပေးထောက်ပံ့သည့်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ (USD 10,000) ကို လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်က ထုတ်ပြန်ထားသည်။