

(ပြည်တွင်း) စက်တင်ဘာ ၉
၂၀၂၅ ရွေးကောက်ပွဲအပြီး မွန်ပြည်နယ်အစိုးရအဖွဲ့သစ်တက်လာပြီးနောက် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ မော်လမြိုင်မြို့က မြို့တွင်းလမ်းတွေအပါအဝင် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမကြီးတွေဟာ ပိုမိုပျက်စီးလာတယ်လို့ မော်တော်ယာဉ်မောင်းနှင်သူတွေနဲ့ မြို့ခံတစ်ချို့ကပြောပါတယ်။
မော်လမြိုင်မြို့အတွင်း ဈေးကြိုအဝိုင်း၊ တပ်ထိန်းတပ်အရှေ့၊ ကျောက်မီးသွေးရုံလမ်း၊ ကမ်းနားလမ်း၊ ကျောက်တန်းစက်မှုဇုန်အဝင်လမ်း၊ မွန်မင်းလမ်း၊ သာယာအေးလမ်း၊ အောက်လမ်းမကြီးတို့မှာ ကြီးမားတဲ့ ချိုင့်ခွက်တွေဖြစ်တဲ့အထိ ပျက်စီးမှုတွေရှိနေတယ်လို့ မြိုခံတွေက ပြောထားပါတယ်။
ဒါ့အပြင် ရန်ကုန် – မော်လမြိုင်ကားလမ်းမကြီးက ချိုင့်ခွက်တွေဟာ ကားတောင်ရှောင်လို့မလွတ်အောင်ရှိနေပြီး ဖာထေးထားတဲ့နေရာက အနည်းငယ်သာရှိနေတယ်လို့ မော်တော်ယာဉ်အသုံးပြုသူတွေက ပြောဆိုထားကြတာလည်း ရှိနေပါတယ်။
” ရန်ကုန် – မော်လမြိုင်ကားလမ်းပိုင်းကိုအသုံးပြုမယ်ဆိုရင် ဘကမ်ဘာလိုချိုင့်တွေကိုတော့ သေခြာရှေင်မောင်းမှရပါမယ်။ တကယ်လို့ ရန်ကုန်ကနေ တာယာအဟောင်းနဲ့လာရင်တော့ ချိုင့်ခွက်တွေကို ရှောင်မောင်းပါ ရှောင်မမောင်းဘူးဆိုရင် ဘီးကွဲတာတွေဖြစ်တတ်ပါတယ်။ ၅ မိနစ်တစ်ချိုင့်ဆိုသလို နည်းတဲ့ချိုင့်တွေမဟုတ်ပါဘူး။ ချိုင့်တွေက အထဲမှာ ကလေးတစ်ယောက်တောင်ဝင်အိပ်လို့ရတယ်လို့ ” ကားကြီးမောင်းသူတစ်ဦးက အခြားယာဉ်မောင်းတွေကို TikTok လူမှုကွန်ယက်ကနေ ရုပ်သံဖိုင်တင်ကာ မျှဝေထားတာကိုလည်းတွေ့ရပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို Smart City ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ မွန်ဝန်ကြီးချုပ် က ပြောဆိုထားသော်လည်း ရွေးကောက်ပွဲမတိုင်ခင်အခြေအနေထက် ပိုပြီးပျက်စီးလာတယ်လို့ ဒေသခံတွက ပြောဆိုထားကြပါတယ်။