မလေးရှား ဆာရာဝက်ပြည်နယ်တွင် Flying Doctor Service ရဟတ်ယာဉ်ပျက်ကျ၊ ဆရာဝန်နှင့် သူနာပြုများအပါအဝင် ၅ ဦး သေဆုံး

(နိုင်ငံတကာ) စက်တင်ဘာ ၉

မလေးရှားနိုင်ငံ မြောက်ပိုင်း ဆာရာဝက်ပြည်နယ်၊ မာရူဒီခရိုင်ရှိ Long Lellang STOLport အနီးတွင် Flying Doctor Service (FDS) ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူး၊ ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦး၊ လက်ထောက်ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦးနှင့် သူနာပြု ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Miri Airport Fire and Rescue Services (AFRS) ၏ ကနဦးသတင်းအချက်အလက်များအရ Miri မြို့မှ ထွက်ခွာလာသည့် အဆိုပါရဟတ်ယာဉ်သည် Long Lellang လေယာဉ်ကွင်း၏ ပြေးလမ်းအဆုံးပိုင်းအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

မလေးရှားအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAM) ကလည်း ဖြစ်စဉ်ကို အတည်ပြုခဲ့ပြီး မှတ်ပုံတင်နံပါတ် 9M-LLF ဖြစ်သည့် BO-105 ရဟတ်ယာဉ်သည် Long Lellang STOLport အနီးတွင် ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။ CAAM ထံသို့ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်အား မွန်းလွဲ ၃ နာရီ ၅၈ မိနစ်တွင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း CAAM က ပြောကြားထားသည်။

Long Lellang STOLport သည် Miri မြို့မှ ကီလိုမီတာ ၃၁၀ ခန့်အကွာတွင် တည်ရှိပြီး ဆာရာဝက်ပြည်နယ်၏ ဝေးလံခေါင်သီသော Kelabit နှင့် Penan တိုင်းရင်းသားအသိုင်းအဝိုင်းများအပါအဝင် Long Lellang ကျေးလက်ဒေသအတွက် လေကြောင်းဝန်ဆောင်မှုပေးနေသည့် လေယာဉ်ကွင်းဖြစ်သည်။ အဆိုပါ STOLport သည် Long Lellang ကျေးရွာအနီးတွင် တည်ရှိသည်။

Sarawak ရဲတပ်ဖွဲ့ကော်မရှင်နာ Comm Datuk Mohamad Zainal Abdullah က ရဟတ်ယာဉ်ပျက်ကျသည့်နေရာသို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။

သို့သော် ပျက်ကျသည့်နေရာသည် ဝေးလံခေါင်သီသည့်ဒေသဖြစ်ပြီး Marudi မြို့မှ ကားဖြင့် သွားရောက်ပါက ၁၀ နာရီခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြူမှိုင်းမှုအခြေအနေကြောင့် ရဟတ်ယာဉ်ဖြင့် လေကြောင်းဝန်ဆောင်မှုပေး၍ မရသေးသည့်အပြင် CAAM ကလည်း Kuching ရဲတပ်ဖွဲ့ လေကြောင်းအခြေစိုက်စခန်းမှ လေယာဉ်များ ထွက်ခွာပျံသန်းရန် ခွင့်ပြုထားခြင်းမရှိသေးကြောင်း Comm Datuk Mohamad Zainal Abdullah က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် လက်ရှိရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသည် ဒေသခံကျေးရွာသားများ၊ Rela ဝန်ထမ်းများနှင့် Long Lellang STOLport အရန်ရဲတပ်ဖွဲ့တို့၏ အကူအညီကို အဓိကအားထား ဆောင်ရွက်နေရကြောင်း ၎င်းက ဆိုသည်။

ပျက်ကျခဲ့သည့် ရဟတ်ယာဉ်သည် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ပိုင်ဆိုင်သည့် ရဟတ်ယာဉ်ဖြစ်ပြီး Ba Lai၊ Long Siut နှင့် Long Lellang ဒေသများသို့ Flying Doctor Service ဝန်ဆောင်မှုပေးရန် ငှားရမ်းအသုံးပြုထားခြင်းဖြစ်ကြောင်း Sarawak ရဲတပ်ဖွဲ့ကော်မရှင်နာက ထပ်မံပြောကြားခဲ့သည်။