နီပေါတွင် အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်၊ ဆန္ဒပြပွဲအတွင်းသေဆုံးသူများကို ပြန်လည်အမှတ်ရရန် စုဝေးခဲ့

(နိုင်ငံတကာ) စက်တင်ဘာ ၉

နီပေါနိုင်ငံတွင် ဒါဇင်နှင့်ချီသော လူငယ်များသည် မီးလောင်ပျက်စီးနေသည့် လွှတ်တော်အဆောက်အအုံဝင်းအတွင်း စုဝေးခဲ့ကြပြီး ယခင်အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့် အကျိုးဆက်ပြင်းထန်သော အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ၏ နှစ်ပတ်လည်နေ့ကို ပြုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့သူများကို အမှတ်ရရန် စုဝေးခဲ့သည့်အချိန်သည် လွန်ခဲ့သည့် နှစ်ပတ်က ဖြစ်ပွားခဲ့သည့် အလွန်ပြင်းထန်သော ရေကြီးမှုများကြောင့် လူအများအပြား သေဆုံးခဲ့ရမှုအပေါ် တစ်နိုင်ငံလုံးက ဝမ်းနည်းပူဆွေးနေသည့်အချိန်လည်းဖြစ်သည်။

စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများသည် အစိုးရက လူမှုမီဒီယာအသုံးပြုမှုကို ခေတ္တပိတ်ပင်ခဲ့ခြင်းအပေါ် မကျေနပ်မှုများမှ စတင်ခဲ့ခြင်းဖြစ်သော်လည်း စီးပွားရေးအခက်အခဲများ၊ အဂတိလိုက်စားမှုနှင့် အမြစ်တွယ်နေသည့် နိုင်ငံရေးလုပ်ထုံးလုပ်နည်းများအပေါ် နက်ရှိုင်းစွာ မကျေနပ်မှုများကြောင့် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ မငြိမ်သက်မှုများကြောင့် လူ ၇၆ ဦး သေဆုံးခဲ့ပြီး မြို့တော် ခတ္တမန္ဒူးရှိ လွှတ်တော်အဆောက်အအုံအပြင် ဝန်ကြီးချုပ်ရုံးနှင့် အခြားအစိုးရအဆောက်အအုံများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများ၏ နောက်ဆက်တွဲအဖြစ် ကေပီ ရှာမား အိုလီ ဦးဆောင်သည့် အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး နောက်ပိုင်းတွင် လူငယ်ဝန်ကြီးချုပ် “ဘလန်ဒရာ ရှား” ရွေးကောက်တင်မြှောက်ခံရသည့်အထိ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

ယခင်ကဆန္ဒပြသူများထဲတွင်ပါဝင်သည့် အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦးက ပျက်စီးနေသည့် လွှတ်တော်အဆောက်အအုံဝင်းအတွင်း “အသက်ဆုံးရှုံးခဲ့ရတာကတော့ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးအပေါ် သက်ရောက်မှုကတော့ တန်ဖိုးရှိခဲ့ပါတယ်။ အပြောင်းအလဲတွေ ဖြစ်လာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်” ဟု ပြောကြားခဲ့သည်။

ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့သူများ၏ ဓာတ်ပုံများပါရှိသည့် ဆိုင်းဘုတ်များကိုလည်း လွှတ်တော်အဆောက်အအုံဝင်းအတွင်း ချိတ်ဆွဲထားခဲ့ကြကြောင်း သိရသည်။