(မှုခင်း) စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ ကျောက်ဖူးကုန်းမီးသတ်ရုံးအနီး ကားလမ်းမပေါ်တွင် ခြောက်ဘီး မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ပဲခူးမြို့၊ ကျောက်ဖူးကုန်းမီးသတ်ရုံးအနီး မြို့တွင်းကြီးရပ်ကွက်၊ သနပ္ပင်လမ်းတွင် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာနေ ဝင်းမင်းဟန် (၄၁ နှစ်) မောင်းနှင်လာသည့် Toyota Dyna အမျိုးအစား ဝါ/နက်ရောင် ၆ ဘီး မော်တော်ယာဉ်သည် ပဲခူးဘက်မှ သနပ္ပင်ဘက်သို့ မောင်းနှင်လာစဉ် ကျောက်ဖူးကုန်းမီးသတ်ရုံး လမ်းဆုံအရောက်၌ အကွေ့ချိုးလိုက်စဉ် သနပ္ပင်ဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာသည့် ကျော်ကျော်ထိုက် (၂၆ နှစ်) (ရွာမလမ်း၊ တောင်သူစုကျေးရွာ၊ ပဲခူးမြို့နယ်နေသူ) မောင်းနှင်သော Honda Dream ဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကျော်ကျော်ထိုက်တွင် နဖူး ပေါက်ပြဲဒဏ်ရာ၊ ဝဲနား သွေးထွက်ဒဏ်ရာတို့ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းအား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN