(နိုင်ငံတကာ) စက်တင်ဘာ ၈
နီပေါနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးမြေပြိုမှုများအနက် တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဥမင်လိုဏ်ခေါင်းအတွင်း ၉ ရက်ကြာ ပိတ်မိနေခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းလုပ်သား အမျိုးသား ၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အသက်ရှင်လျက် ကယ်တင်ခံခဲ့ရသူ ကာဘီ မဟာဂျန်သည် အမှောင်ထုအတွင်း ရွှံ့ရေများပြည့်နေသည့်နေရာ၌ သတိလစ်လိုက်၊ သတိပြန်ရလိုက်ဖြင့် ၉ ရက်ကြာ ရှိနေခဲ့ခြင်းဖြစ်သည်။ ကယ်တင်ပြီးနောက် ဆေးရုံတွင် သတိပြန်ရလာချိန်၌ ဇနီးဖြစ်သူကိုပင် မမှတ်မိတော့ဘဲ အိပ်ရာမပေးသေးသည့်အတွက် အဘယ်ကြောင့်ဆိုသည်ကို မေးမြန်းခဲ့သည်။
မဟာဂျန်နှင့် စက်ပိုင်းဆိုင်ရာ အလုပ်သမားခေါင်းဆောင် ဆန်ဂျေးဆာတို့သည် ဥမင်အတွင်း လေရှိနေသည့် အခန်းတစ်ခု၌ နေထိုင်ရှင်သန်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် ဥမင်အင်ဂျင်နီယာနှင့် လွှတ်တော်အမတ် ရှရီရမ် နီပိန်းက ပြောသည်။
ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံ ထရစ်ရှူလီချိုင့်ဝှမ်းအထက်ရှိ ရေခဲတောင်ပြိုကျမှုကြောင့် ရွှံ့နှင့် ရေများ အရှိန်ပြင်းစွာ စီးဆင်းလာခဲ့ပြီး လူပေါင်း ၁,၃၀၀ ကျော် သေဆုံးကာ နီပေါနှင့် အိမ်နီးချင်း တိဘက်ဒေသတစ်လျှောက် ထောင်နှင့်ချီ ပျောက်ဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဘေးအန္တရာယ်ကြောင့် ရေအားလျှပ်စစ်လုပ်သား ရာနှင့်ချီသည် မြေပြိုမှုအတွင်း မြှုပ်နှံခံခဲ့ရသည်ဟု ယူဆရပြီး ထိုအမျိုးသား ၂ ဦး၏ အသက်ရှင်လျက် ကယ်တင်နိုင်မှုသည် အခြားဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေဆဲဖြစ်သည့် လုပ်သားများအတွက်လည်း မျှော်လင့်ချက်ဖြစ်လာခဲ့သည်။
စက်တင်ဘာ ၇ ရက်အထိ ဥမင်လိုဏ်ခေါင်းများအတွင်း လုပ်သား ၁၂၁ ဦးခန့် ပိတ်မိနေဆဲဖြစ်သည်ဟု ယူဆရပြီး ၎င်းတို့ထဲမှ အချို့သည် အသက်ရှင်နေဆဲဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက မျှော်လင့်နေကြသည်။
Reuters သည် ဆွေမျိုးများ၊ အင်ဂျင်နီယာများ၊ အစိုးရအရာရှိများနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်သူများအပါအဝင် လူ ၁၂ ဦးနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုများ၊ စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများနှင့် မြေပုံများ၊ ကယ်ဆယ်ရေးအဖွဲ့များအကြား ဆက်သွယ်ပြောဆိုမှုများကို ပြန်လည်သုံးသပ်ကာ ၎င်းတို့ ၂ ဦး၏ ၉ ရက်ကြာ အသက်ရှင်ခဲ့သည့် ဖြစ်စဉ်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြန်လည်ဖော်ထုတ်ထားသည်။
ဘေးအန္တရာယ်ဖြစ်ပွားသည့်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မဟာဂျန်သည် အထက်ထရစ်ရှူလီ ၃A ရေအားလျှပ်စစ်စီမံကိန်းသို့ အလုပ်ဝင်ရန်မတိုင်မီ ဇနီးဖြစ်သူထံ ဖုန်းဆက်ခဲ့ပြီး “ဥမင်ထဲ ဝင်ရမယ်။ အထဲမှာ ဖုန်းလိုင်းရမှာ မဟုတ်ဘူး” ဟု ပြောခဲ့သည်။
တစ်နာရီခန့်အကြာတွင် ထရစ်ရှူလီချိုင့်ဝှမ်းအထက် မိုင် ၂၅ ခန့်အကွာရှိ လန်တန်လီရုန်းတောင်ပေါ်၌ ရေခဲတောင်ပြိုကျခဲ့ပြီး အလွန်ပြင်းထန်သည့် မြေပြိုမှုဖြစ်ပေါ်ကာ ရေလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲစီးဆင်းခဲ့သည်။
အဆိုပါ ရေနှင့်ရွှံ့များကြောင့် ကျေးရွာများ ပျက်စီးခဲ့ပြီး ရေအားလျှပ်စစ်စီမံကိန်း ၁၂ ခုရှိသည့် ဒေသတစ်ဝန်းကို ရေလွှမ်းမိုးခဲ့ကာ စီမံကိန်းများအတွင်း လုပ်သား ၉၀၀ နီးပါး ရှိနေခဲ့သည်ဟု Reuters က ဖော်ပြထားသည်။
#PAN