မန္တလေးတွင် အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေ၊ ဧပြီမှ ဩဂုတ်အထိ ဆေးဖိုး ကျပ်သန်း ၁၀၅ ကျော် ပြန်လည်ပေးအပ်

(ပြည်တွင်း) စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးရှိပြီး အဆိုပါအာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုဝန်ဆောင်မှုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (မန္တလေး)တွင် အာမခံအလုပ်သမားလူနာများအတွက် Ultrasound စက်အသစ် တပ်ဆင်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ အလုပ်သမားဆေးရုံကြီး (မန္တလေး)သို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသနေသည့် အာမခံအလုပ်သမားလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေပေးနေမှုနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနတွင် လူနာများအား ကျောက်ကပ်သွေးသန့်စင်ပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူနာများအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းပြီး ဆေးရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကာ လုပ်ငန်းဆိုင်ရာများကို မှာကြားခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ကင်မရာမှန်ဘီလူးစက်ရုံ Burst Transmission Co., Ltd သို့ သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အပြင် စက်ရုံရှိ အကျုံးဝင်အာမခံအလုပ်သမားများအတွက် အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များက ရွေ့လျားဆေးကုသယာဉ် (MMU) ဖြင့် စက်ရုံအရောက် လိုအပ်သည့် ဆေးဝါးကုသမှုပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် ECG စက်ဖြင့် နှလုံးစစ်ဆေးပေးခြင်းတို့ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ လူမှုဖူလုံရေးအဖွဲ့၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (ပြင်ဦးလွင်) သို့ သွားရောက်ကာ ဆေးခန်းအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းထားရှိမှု၊ ဆေးစတိုတွင် ဆေးဝါးများ ထိန်းသိမ်းထားရှိမှု၊ ဆေးပစ္စည်းကိရိယာများနှင့် ဆေးဝါးများ ရရှိသုံးစွဲမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အာမခံအလုပ်သမားလူနာများအတွက် ဆေးဝါးပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၆ ခု၊ ဌာနကြီးဆေးခန်း ၅ ခုနှင့် စာချုပ်ဆေးခန်း ၆ ခု ဖွင့်လှစ်၍ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရွေ့လျားဆေးကုသယာဉ် (MMU) ဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျငွေများအတွက် ဆေးဖိုးပြန်လည်ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိ အာမခံအလုပ်သမားများအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း ၁၀၅ ဒသမ ၃၃၇ကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။