JD Vance က အီရန်နှင့် အမေရိကန်တိုက်ပွဲကို “စစ်ပွဲ” ဟု မခေါ်လိုကြောင်း ပြော၊ ပဋိပက္ခအဆုံးသတ်မည့်အချိန်ကို မခန့်မှန်း

(နိုင်ငံတကာ) စက်တင်ဘာ ၄

အမေရိကန် ဒုတိယသမ္မတ JD Vance က အီရန်နှင့် အမေရိကန်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို “စစ်ပွဲ” ဟူသော စကားလုံးဖြင့် သုံးနှုန်းဖော်ပြခြင်းကို ကြာသပတေးနေ့တွင် ပယ်ချခဲ့ပြီး ပဋိပက္ခသည် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အဆုံးသတ်မည်လားဆိုသည်ကိုလည်း ခန့်မှန်းပြောကြားရန် ရှောင်ရှားခဲ့သည်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် နိုဝင်ဘာ ၃ ရက်၌ ကျင်းပမည့် ကွန်ဂရက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တိုက်ပွဲများ အဆုံးသတ်နိုင်မည်လားဟု မေးမြန်းခံရပြီးနောက် Vance က “ဒါကို စစ်ပွဲလို့ ကျွန်တော် မခေါ်ချင်ပါဘူး။ အခုလောလောဆယ် တက်ကြွတဲ့ ပစ်ခတ်တိုက်ခိုက်မှု မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
သို့သော် Vance ၏ အဆိုပါပြောကြားချက် ထွက်ပေါ်လာချိန်တွင်ပင် အီရန်က အမေရိကန်၏ ပင်လယ်ကွေ့မဟာမိတ်နိုင်ငံဖြစ်သည့် ကူဝိတ်ကို ကြာသပတေးနေ့တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းသည် ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်က အီရန်ကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့မှုများအတွက် အီရန်ဘက်က ဆက်လက်တုံ့ပြန်နေခြင်းဖြစ်သည်။

Vance က ယခုသီတင်းပတ်အတွင်း အမေရိကန်၏ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် ကုန်သွယ်ရေးသင်္ဘောများကို ဆက်လက်ပစ်မှတ်ထားနေသောကြောင့် အမေရိကန်အနေဖြင့် “တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။

ပဋိပက္ခ၏ ပြင်းထန်မှုကို လျှော့ချဖော်ပြရန် Vance ၏ ကြိုးပမ်းမှုသည် ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက်လွှတ်တော်အတွင်း အသာစီးအနည်းငယ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် မဲဆန္ဒရှင်များကို စည်းရုံးရန် ကြိုးပမ်းနေသည့် သမ္မတ Donald Trump နှင့် အစိုးရအဖွဲ့အတွက် ရင်ဆိုင်နေရသည့် နိုင်ငံရေးအခက်အခဲကို ထင်ဟပ်စေသည်။

အဆိုပါပဋိပက္ခကြောင့် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာပြီး အမေရိကန်စားသုံးသူများအနေဖြင့် ငွေကြေးဖောင်းပွမှု မြင့်မားလာမှုကိုလည်း ရင်ဆိုင်နေရသည်။ ပဋိပက္ခစတင်ချိန်တွင် အိမ်ဖြူတော်ဘက်က ယင်းတိုက်ပွဲများသည် ရက်သတ္တပတ်အနည်းငယ်သာ ကြာမြင့်မည်ဟု ပြောကြားထားခဲ့သည်။

Vance က “အတုအယောင် သတ်မှတ်ထားတဲ့ အချိန်ကာလတွေ” မသတ်မှတ်လိုကြောင်း ပြောကြားခဲ့ပြီး “ဒါက ဘယ်တော့အဆုံးသတ်မလဲ” ဆိုသည့် မေးခွန်း၏ အဖြေမှာ အီရန်တို့က သင်္ဘောများကို ဘယ်တော့ပစ်ခတ်မှု ရပ်မည်နည်းဆိုသည့်အပေါ် မူတည်နေပြီး အဆိုပါအဖြေကို မိမိမသိကြောင်း၊ အီရန်ဘက်ကိုသာ မေးမြန်းရမည်ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် ဇူလိုင်လအတွင်း အမေရိကန်အစိုးရအဖွဲ့သည် Defense Casualty Analysis System တွင် သေဆုံးခဲ့သည့် စစ်သား ၄ ဦးနှင့် ဒဏ်ရာရစစ်သား ဒါဇင်နှင့်ချီကို အမျိုးအစားပြန်လည်သတ်မှတ်ခဲ့ပြီးနောက် ဝေဖန်စစ်ဆေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ပင်တဂွန်တာဝန်ရှိသူများက အဆိုပါစနစ်ကို ပဋိပက္ခအတွင်း သေဆုံးသူနှင့် ဒဏ်ရာရသူအရေအတွက်များအတွက် အတည်ပြုနိုင်ဆုံး အရင်းအမြစ်အဖြစ် အကြိမ်ကြိမ်ညွှန်းဆိုခဲ့သည်။

အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေး ခေတ္တပြုလုပ်ခဲ့ပြီးနောက် ပြန်လည်ပျက်ပြားသွားသည့် အခြေအနေတွင် တိုက်ပွဲများအတွင်း သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သူများကို စုစုပေါင်းစာရင်းတွင် အစပိုင်းက ထည့်သွင်းရေတွက်ခဲ့သော်လည်း နောက်ပိုင်းတွင် “Overseas Operations” ဟူသည့် အမျိုးအစားသစ်အောက်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။