မိုင်းဖြတ်မြို့နယ်တွင် BINGO လောင်းကစားပြုလုပ်သူ ၄ ဦး လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးအရေးယူ

(မှုခင်း) စက်တင်ဘာ ၁

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာတွင် ဩဂုတ် ၃၀ ရက် ညပိုင်းက နေအိမ်တစ်အိမ်၌ BINGO လောင်းကစားပြုလုပ်နေသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ကို လောင်းကစားဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေများအတူ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာနေ ဦးဝင်းမြင့်စိုး၊ အသက် ၄၂ နှစ်၏ နေအိမ်၌ BINGO လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရာတွင် ဦးဝင်းမြင့်စိုးနှင့်အတူ တစ်ရွာတည်းနေ ဒေါ်မြင့်မြင့်သန်း၊ အသက် ၆၂ နှစ်၊ ဒေါ်ဇင်မာငြိမ်း၊ အသက် ၃၀ နှစ်နှင့် မယဉ်ယဉ်ထွေး၊ အသက် ၂၇ နှစ်တို့ကို BINGO လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေများအတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဦးဝင်းမြင့်စိုးပါ လေးဦးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၉/၂၀၂၆ ဖြင့် အမှုဖွင့်ကာ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) တို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews

#PAN