(ပြည်တွင်း) ဇူလိုင် ၂၉
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့ ပူးပေါင်းကာ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၂၇ ရက်တွင် မန်ခိန်နှင့် ဒူကထောင်ရပ်ကွက်များ၌ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် မန်ခိန်ရပ်ကွက်ရှိ ပိုးဇာလီဆူနှစ်ခြင်းအသင်းတော် ခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာ အချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာ ပညာရှင်များ၏ တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုအပေါ် မူတည်၍ နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာခြားပုံနှင့် မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်နေပြည်သူများက စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ ဒေသခံများအတွက် အကျိုးအမြတ်နှင့် ခံစားခွင့်များ၊ ဖြစ်နိုင်ချေရှိသော စိုးရိမ်ပူပန်မှုများကို ပွင့်လင်းစွာ မေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ငလျင်ဆိုင်ရာ အန္တရာယ်နှင့် တမံကြီးများ၏ ကြံ့ခိုင်မှု၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ စီမံကိန်းပြီးစီးပါက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခြေအနေများနှင့် ဒေသခံပြည်သူများ ရရှိမည့် အကျိုးအမြတ်များကို ကဏ္ဍလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အလားတူ မွန်းလွဲပိုင်းတွင်လည်း ဒူကထောင်ရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်ခန်းမ၌ ပြည်နယ်ဝန်ကြီးနှင့် ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင်သော အဖွဲ့က ဒေသခံပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Telegram – t.met.me/positiveanglenews