(လွှတ်တော်) ဇူလိုင် ၂၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုအပေါ်အခြေခံ၍ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၇၉) နှစ်ပြည့်မြောက်ပြီးဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အမျိုးသမီးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ များပြားနေကြောင်း၊ ထို့ကြောင့် အစိုးရအချင်းချင်းသာမက လွှတ်တော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်သူ့လွှတ်တော်တွင် ကော်မတီ ၂၂ ခု ဖွဲ့စည်းထားရှိပြီး ထိုအတွင်း နိုင်ငံတကာဆက်ဆံရေးကော်မတီ ပါဝင်ကြောင်း၊ ပါကစ္စတန်နိုင်ငံ အောက်လွှတ်တော်တွင်လည်း နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် Parliamentary Friendship Groups များ ဖွဲ့စည်းထားရှိကြောင်း သိရှိရသဖြင့် မြန်မာနှင့် ပါကစ္စတန်လွှတ်တော်များအကြား လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းများ ဖွဲ့စည်းခြင်းကို သံအမတ်ကြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း စတင်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ဖွဲ့စည်းနိုင်ပါက လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ လွှတ်တော်ကော်မတီချင်း ဆက်ဆံရေးများ၊ အမျိုးသမီးနှင့် လူငယ်လွှတ်တော်ကိုယ်စားလှယ်များအကြား ဆွေးနွေးပွဲများ စသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပြီး ပါကစ္စတန်သံအမတ်ကြီးအနေဖြင့် လွှတ်တော်နှင့် အချိန်မရွေး ထိတွေ့ဆက်ဆံနိုင်ရန် အမြဲတံခါးဖွင့်ထားကြောင်း အသိပေးခဲ့သည်။
ပါကစ္စတန်သံအမတ်ကြီးကလည်း လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းများ ဖွဲ့စည်းရေးအတွက် အထူးထောက်ခံကြောင်း၊ နိုင်ငံတကာပါလီမန်များတွင်လည်း ထိုသို့ ဆောင်ရွက်လေ့ရှိကြောင်း၊ အစိုးရအချင်းချင်းသာမက လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခြင်းသည် အရေးကြီးကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထို့ပြင် ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံရှိ Taxila မြို့သည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားသည့်ဒေသဖြစ်သဖြင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြောင်းနှင့် လွှတ်တော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်းနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဗန်နီ၊ ဒေါ်ဇာခြည်လွင်တို့အပါအဝင် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပါကစ္စတန်သံအမတ်ကြီးနှင့်အတူ ပါကစ္စတန်သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2026/07/29/မြစ်ဆုံစီမံကိန်းအပေါ်-ဒ/
Telegram – t.me/positiveanglenews
#PAN