ဘာလင် Pride ပွဲတော်အနီး ယာဉ်ဝင်တိုက်မှုဖြစ်ပွား၊ လူ ၁ ဦး သေဆုံး ၁၇ ဦး ဒဏ်ရာရ

(နိုင်ငံတကာ) ဇူလိုင် ၂၆

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပနေသော Pride ပွဲတော်အနီး၌ စနေနေ့ ညနေပိုင်းတွင် ယာဉ်တစ်စီးက လူအုပ်ထဲသို့ ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး အနည်းဆုံး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒဏ်ရာရရှိသူများအနက် ၈ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိပြီး ၃ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘာလင်မြို့လယ်ရှိ Tiergarten ပန်းခြံအတွင်း Brandenburg Gate အနီးတွင် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်သည် လူအများကို ဝင်တိုက်ပြီးနောက် သစ်ပင်တစ်ပင်ကို တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယာဉ်အတွင်းတွင် ယာဉ်မောင်းမရှိတော့သဖြင့် ကျူးလွန်သူ သို့မဟုတ် ကျူးလွန်သူများကို အရေးတကြီး လိုက်လံရှာဖွေနေကြောင်းနှင့် သံသယရှိသူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး အစ္စလာမ်အစွန်းရောက်အသိုင်းအဝိုင်းနှင့် ဆက်နွှယ်မှုရှိသူဖြစ်နိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။

အသုံးပြုခဲ့သည့်ယာဉ်မှာ အဖြူရောင်ကား၊ မီနီဗန် သို့မဟုတ် မီနီဘတ်စ်တစ်စီး ဖြစ်နိုင်ကြောင်း သိရပြီး မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ယာဉ်မောင်းသည် ယာဉ်ပေါ်မှ ဆင်းကာ ခြေလျင်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်သည် နှစ်စဉ်ကျင်းပသည့် Christopher Street Day (CSD) Pride ပွဲတော်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူသိန်းပေါင်းများစွာ စုဝေးခဲ့သည့် ပွဲတော်ကို ရုတ်တရက် ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ အခင်းဖြစ်ပွားရာသို့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ အများအပြား ရောက်ရှိကာ ဒဏ်ရာရသူများကို ချက်ချင်း ကယ်ဆယ်ပို့ဆောင်ခဲ့သည်။

ပွဲတက်ရောက်သူတစ်ဦးက “ဒီနေ့ဟာ LGBTQ အသိုင်းအဝိုင်းအတွက် အလွန်ဆိုးရွားတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Christopher Street Day သည် ၁၉၆၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဖြစ်ပွားခဲ့သော Stonewall အရေးတော်ပုံကို အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှု ကာကွယ်ရေးတို့ကို တောင်းဆိုဖော်ပြသည့် ဥရောပအကြီးဆုံး LGBTQ ပွဲတော်များအနက် တစ်ခုဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ဂျာမနီနိုင်ငံတွင် ယာဉ်ဖြင့် လူအုပ်ထဲသို့ ဝင်တိုက်သည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး လူသေဆုံးဒဏ်ရာရရှိမှုများလည်း ရှိနေကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN