(မှုခင်း) ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုန့ယ်၊ အေးသာယာမြို့ရှိ အေးသာယာဆည် ကန်ဘောင်ပေါ်တွင် လူငယ် ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၅ ရက်၊ ညနေ ၆ နာရီခန့်ကအေးသာယာမြို့ရှိ အေးသာယာဆည် ကန်ဘောင်ပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းချနေကြောင်း သတင်းအရ ဆည်ဘောင်အတိုင်း လမ်းလျှောက်လာသူ လူငယ် အမျိုးသား ၂ ဦးအား သက်ဆိုင်ရာ တာဂန်ရှိသူများမှ ရပ်တန့်စစ်ဆေးမေးမြန်းခဲ့ရာ အေးသာယာမြို့၊ ရပ်ကွက် (၈) နေ ဟိန်းထွဋ်နိုင်နှင့် လှိုင်မြင့်မြတ် (ခ) ပုလုံး ဆိုသူတို့ဖြစ်ကြောင်း သိရပြီး ဟိန်းထွဋ်နိုင် လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြား၊ အလေးချိန် ၃ ဒသမ ၁၅ ဂရမ်ခန့်နှင့် လှိုင်မြင့်မြတ် (ခ) ပုလုံး လွယ်ထားသော ဘေးလွယ်အိတ် အတွင်းမှ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၁၈ ဂရမ်ခန့်၊ ဆေးပြားစုစုပေါင်း ၂၃၅ ပြား၊ ဒေသကာလတန်ဖိုး ၁၁၇၅၀၀ ကျပ်ခန့် အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား ဇူလိုင်လ ၂၄ ရက်၊ ညနေပိုင်းက အေးသာယာမြို့၊ စက်မှုဇုန်-ညောင်ရွှေသွား ကားလမ်းမဘေးတွင် အမည်မသိ အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဆေးပြားအချို့အား သုံးစွဲသူများထံ ပြန်လည် ရောင်းချပြီးနောက် ကျန်ဆေးပြားများအား ထပ်မံရောင်းချရန် လမ်းလျှောက်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဟိန်းထွဋ်နိုင် နှင့် လှိုင်မြင့်မြတ် (ခ) ပုလုံး တို့နှစ်ဦးအား အေးသာယာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN