မာရဝိဇယဗုဒ္ဓဥယျာဉ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ၊ နိုင်ငံတော်သမ္မတနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်လှူဒါန်း

(ပြည်တွင်း) ဇူလိုင် ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီးတို့အပြင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့သည်။

ယင်းနောက် နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်သူများက ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများ၏ ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒုတိယသမ္မတနှင့် ဇနီးတို့ကလည်း မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံ ဆက်လက်လှူဒါန်းခဲ့သည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားတွင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးအပါအဝင် တက်ရောက်သူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN