တက္ကသိုလ်များတွင် Recreation Centre၊ အားကစားကွင်းနှင့် အခြေခံအဆောက်အအုံ တိုးတက်ရေး ဆောင်ရွက်ရန် ဒုတိယသမ္မတ တိုက်တွန်း

(ပြည်တွင်း) ဇူလိုင် ၂၄

နိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးနှင့် အပန်းဖြေအနားယူနိုင်ရေးအတွက် ဆောက်လုပ်လျက်ရှိသည့် Recreation Centre အခြေအနေများနှင့် တက္ကသိုလ်ပတ်လမ်း တည်ဆောက်ရန် လျာထားသည့် မြေနေရာတို့ကို ရှင်းလင်းပြသခဲ့သည်။

ဒုတိယသမ္မတက ဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် ကျောင်းသားကျောင်းသူများ၏ ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုနိုင်သည့် နေရာတစ်ခုဖြစ်စေရေးနှင့် စင်တာအတွင်း အားကစားနှင့် အပန်းဖြေမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လိုအပ်ချက်နှင့်အညီ စနစ်တကျ ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ သွားရောက်ရာ တာဝန်ရှိသူများက ပတ္တမြားအဝိုင်းနှင့် ဘောလုံးကွင်း ပြန်လည်မွမ်းမံတည်ဆောက်နေမှု၊ ကျောင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းအပေါ် ဒုတိယသမ္မတက တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘောလုံးကွင်း တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့ပြင် ကျောင်းသားကျောင်းသူများ အားကစားလှုပ်ရှားမှုများတွင် လွတ်လပ်စွာ ပါဝင်နိုင်စေရေးနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု တိုးတက်စေရေးအတွက် အားကစားကွင်းများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုနိုင်ရေးကိုလည်း လမ်းညွှန်ခဲ့သည်။

ဆက်လက်၍ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ သွားရောက်ရာ တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများနှင့် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရန် လျာထားသည့် မြေနေရာတို့ကို ရှင်းလင်းပြသခဲ့သည်။

ဒုတိယသမ္မတက ကျောင်းပတ်လမ်း တိုးချဲ့ဆောင်ရွက်ရေးနှင့် ခြံစည်းရိုးကာရံနိုင်ရေးတို့ကို ဆောင်ရွက်ရန် မှာကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Telegram- t.me/positiveanglenews

#PAN